မိုင်းပျဉ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင် ထိုးနှံပေး

မိုင်းပျဉ်း အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စုရပ်အဖြစ် သတ်မှတ်ထားသည့် အခြေခံပညာကျောင်း(၂၈)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်း (၅)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၆)ကျောင်းနှင့် မူလွန်(၉)ကျောင်း၊ စုစုပေါင်း(၂၈) ကျောင်းရှိ အသက် (၁၂)နှစ်အထက် ကျောင်းသား(၅၇၁) ဦးနှင့် ကျောင်းသူ(၇၂၃)ဦး၊ ပေါင်း(၁၂၉၄) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သော ရောဂါ ရှိ/မရှိ၊ အတက်ရောဂါစသည့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါရှိ/မရှိနှင့် သွေးမတိတ် ရောဂါရှိ/မရှိတို့ကို မေးမြန်းပြီးမှသာ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန ကသတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဉီးမြင့်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)