မိုးမိတ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ပညာပေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက မိုးမိတ်မြို့နယ်တွင် မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မြေဧကမှာ (၄၄၈.၅၇)ဧကရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သည့်အတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် တစ်ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပျက်စီးဆုံးရှုံးမှုများအပေါ် တောင်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တောင်သူများ၏ ပျက်စီးဆုံရှုံးမှုမျာအပေါ် အပြည့်အဝမပေးနိုင်ပေမည့် ဆုံးရှုံးမှု သက်သာစေရေးအတွက် ထောက်ပံ့ပေးအပ်တာဖြစ်ပါကြောင်း ၊ နှစ်စဉ်ရာသီဥတု ပြောင်းလဲနေသည့်အတွက် တောင်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိကာ စိုက်ပျိုးရေးဦးစီးဌာနနှင့် အဆက်အသွယ်မပြတ်နေစေလိုပြီး တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းတွင် ပြဿနာများပေါ်ပေါက်လာပါက အချိန်မရွေးလာရောက် အကူအညီ တောင်းခံနိုင်ပါကြောင်း” ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးအောင်နိုင်က ပြောသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူများအား ပထမအကြိမ်အဖြစ် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးနည်းပညာများကို အသိပေးဟောပြောခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)