နမ္မတူ အောက်တိုဘာ ၁၆
မကြည်ကြည်မာ (ပန်ဟိုက်ရပ်ကွက်-၂)
ကျွန်မကတော့ မကြည်ကြည်မာပါရှင့်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၂)မှာ နေပါတယ်၊ ဒီကိုဗစ်က ဘယ်လိုစဖြစ်လဲဆိုတော့ စစချင်း ခြေဆစ်တွေလက်ဆစ်တွေ ညောင်းကိုက်တာပေါ့၊ ပြီးတော့ ချောင်းဆိုး တယ်ရှင့်၊ အဲ့လိုဖြစ်ပြီးနောက် နှစ်ရက်လောက်ကြာတော့ ချောင်းဆိုးတဲ့အခါ သွေးပါပါလာတယ် ပြီးတော့ အနံ့ပျောက်သွားတာပေါ့ အဲ့ဒါနဲ့ နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံကိုသွားပြီး (RDT Test Kit)ဖြင့် စစ်ဆေး လိုက်တော့ ကိုဗစ်ပိုးတွေ့ရှိတာပေါ့၊ အဲ့လိုကိုဗစ်ပိုး တွေ့ရှိတယ်လို့ သိလိုက်ရတော့ စိတ်ထဲမှာ မိသားစု အတွက် နည်းနည်းတော့ ကြောက်မိသွားတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မမှာ သား/သမီး သုံးယောက် ရှိလို့လေ၊ သူတို့အတွက်စိတ်ပူမိတာပေါ့၊ ဒီလိုနဲ့ ကုသရေးစင်တာ ရောက်သွားတာပေါ့နော်၊ အဲ့ဒီမှာ ဆေးတွေ ပုံမှန်သောက်၊ ဆေးကလည်းတစ်ခါသောက်ရင် (၈)လုံး၊ တစ်ရက်ကို သုံးခါသောက်ရပြီး ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်တယ်ရှင့် အဲ့လိုနေရင်း အနံပျောက်တာ (၇)ရက်လောက်ကြာတယ်၊ ချောင်းဆိုးတာကတော့ (၁၂)ရက်နီးပါးကြာတယ်၊ ထမင်းစားရင်လည်း စားပြီး ပြန်အန်တယ်၊ မစားလို့ လည်းမဖြစ်ဘူးဆိုတော့ ကြိတ်မှိတ်ပြီးစားရတာပေါ့ရှင့်၊ ကျွန်မအတွက် စိတ်သက်သာစေတာကတော့ ကျွန်မသား/သမီး သုံးယောက်လုံး ကိုဗစ်ကူးစက်မှုမရှိဘူးလို့ ကြားသိရတော့ အရမ်းဝမ်းသာမိတာပေါရှင့် အဲ့လိုနဲ့ သတ်မှတ်ရက်ပြည်ပြီး ရောဂါသက်သာလာတော့ အိမ်မှာစောင့်ကြည့်နေရတယ်ရှင့်၊ အဲ့လိုနဲ့အိမ် ပြန်ရောက်ပြီး စောင့်ကြည့်ရက်ပြည့်ပြီး ကိုဗစ်ပိုးတွေ့တာ (၁)လလောက်အကြာမှာ တောင်ပို့မှိုစားမိတာ မျက်နှာတွေ၊ လက်တွေ၊ ခြေထောက်တွေ ရောင်ရမ်းလာတာပေါ့ရှင့်၊ အဲ့တာကတော့ မှတ်မှတ်ရရပါပဲ၊ အဲ့ဒါ့ကြောင့် ကျွန်မ အခုဆို မှိုဆို ဘာမှိုဖြစ်ဖြစ်မစားရဲသေးဘူးရှင့်၊ အခုဆို ကိုဗစ်ပိုးတွေ့ပြီးတာ (၂)လကျော် ခန့်ရှိပြီ အိမ်အလုပ်တွေလုပ်ရတာပေါ့ အခုချိန်ထိကို သုံးရက်ခြားတစ်ခါလောက် ညောင်းကိုက်ပြီးဖျားချင်တဲ့ လက္ခဏာခံစားရသေးတယ်၊ အဲ့လိုနေ့တွေဆို ဆေးသောက်ပြီးနေရင်တော့ ပြန်သက်သာလာတယ်ရှင့်၊ ဒါ့ကြောင့် မြို့နယ်တွင်းက ဒေသခံပြည်သူတွေအားလုံး ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ပြီး ကိုဗစ်ကူးစက်မှုမှ ကင်းဝေးပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင့်။
လူမော် (ပြန်/ဆက်)