မိုင်းပျဉ်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်ဝိုင်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)ကျေးရွာရှိ ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူး ဦးဝင်းဖေက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူတို့က အဆိုပါကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၀၄)ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း(၅၂)စောင်အား ပေးအပ်ရာ ပန်ဝိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လက်ခံ ရယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဆိုပါကျေးရွာနေ ပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)