မတ္တရာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်း ရာနှုန်းပြည့်ပြီးစီး

မတ္တရာ    အောက်တိုဘာ    ၁၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဂွေးပင်ကျေးရွာ၌ စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာအတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများမှ ယနေ့တွင်  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် မြစိမ်းရောင် စီမံကိန်းဝင်ကျေးရွာ (၃၈) ရှိပြီး အဆိုပါကျေးရွာများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သော ဂွေးပင် ကျေးရွာမှာ အတိုးရငွေ ကျပ် သိန်း ၁၀၀ကျော် ရရှိပြီးဖြစ်သည့်အတွက် အတိုးရငွေ (၅၀%)မှ ခွင့်ပြုငွေကျပ် ၁၂,၅၀၀,၀၀၀ နှင့် ပြည်သူ့လုပ်အားထည့်ဝင်ငွေ ကျပ် ၃,၂၉၀,၀၀၀ စုစုပေါင်း ၁၅,၇၉၀,၀၀၀ ကျပ်ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အရှည် ၇၉၀ပေ၊ အကျယ် ၁၄ ပေနှင့် ထု ၆လက်မအား ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ ဆောင်ရွက်ခဲ့ ရာ ၁၀၀% ပြီးစီးခဲ့ပြီး ဖြစ်သည်။

ကျေးရွာတွင်းလမ်းများအဆင့်မြှင့်တင်ခြင်းဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ ကျေးရွာ၏ အခြေခံ အဆောက်အဦးများ ဖွံ့တိုးတက်လာခြင်း၊ ကျေးရွာလူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးလာကာ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကျဉ်းမြောင်းလာမည့် အကျိုးကျေးဇူးများကို ခံစား ရမည်ဖြစ်သည်။

စိုးကျော်သူထွေး (မတ္တရာ)