ကျိုင်းတုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ယနေနံနက် က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော် သစ်တင်လှူပွဲ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။
အစည်းအဝေးတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် ဂေါပက အဖွဲ့ဝင်များက ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော်သစ်တင်လှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး နောင်တုံကန် ပတ်လမ်းဘေးတွင် တည်ဆောက်မည့် ကျိုင်းတုံဟော်နန်း တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ကျိုင်းတုံမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဆန် ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဆန် ထောက်ပံ့ပေးပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီအတွက် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်သည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကျိုင်းတုံမြို့နယ်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)