မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သုံးစွဲခဲ့ရသည့် စက်သုံးဆီအသုံးစရိတ် (၈၁)သိန်းကျော် ထောက်ပံ့ပေးအပ်

မင်္ဂလာတောင်ညွန့်  အောက်တိုဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပရဟိတအသင်းအဖွဲ့များအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံပေးအပ်သည့် စက်သုံးဆီဖိုး အသုံးစရိတ်များ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ ဖြစ်သည့် လောကဟိတာဝဟ ပရဟိတအသင်း၊ သပြေကုန်း ပရဟိတအသင်း၊ စက်ဆန်းပရဟိတအသင်း၊ မေတ္တာပီတိ ပရဟိတအသင်း၊ ရှာမရီခရစ်ယာန် သာသနာပြု အသင်းနှင့် ပုသိမ်ညွန့် ပရဟိတအသင်း တို့အား အသင်းအဖွဲ့တစ်ခုလျှင် ငွေကျပ် (၁၃၅၀၀၀၀) ကျပ်ဖြင့် စုစုပေါင်း ငွေကျပ် (၈၁၀၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ငွေများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျခဲ့သည့် အသုံးစရိတ်များ ခွဲဝေချထားပေးမှုမှ ပရဟိတအသင်းအဖွဲ့များ အတွက် စက်သုံးဆီ စရိတ်များ ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာလအတွင်း အရေးပေါ်လူနာတင်ယာဉ်များ သွားလာခဲ့ရာတွင် စက်သုံးဆီကုန်ကျ စရိတ်များအတွက် ယခုကဲ့သို့ ထောက်ပံ့ပေးသည့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် ပရဟိတ လုပ်ငန်းများတွင် ပိုမိုအကျိုးပြု ဆောင်ရွက်နိုင်မှာ ဖြစ်သည့်အတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)