ခရမ်း ဩဂုတ် ၁၈
ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ ကန့်သတ်ချက်များ ဖြေလျှော့ ပြီးနောက် မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၊ ဒေးပေါက် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဓမ္မာရုံတွင် ယနေ့ နံနက် ၉နာရီက ကြက်မွေးမြူရေးသင်တန်း ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော် က တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် ကြက်မွေးမြူခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားကာရရှိမည့် အကျိုးအမြတ် များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းက ကြက်အမျိုးအစားများအလိုက် ကျန်းမာရေးနှင့် ညီညွှတ်စွာ စနစ်တကျ ပြုစုမွေးမြူနည်း၊ ကြက်များတွင် ရာသီအလိုက် အများဆုံး ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ ကူးစက် ရောဂါများ မဖြစ်ပွားအောင် ကြိုတင် ကာကွယ် နည်းများ၊ ကုသနည်းလမ်းများ၊ ကြက်များအား ပြည်တွင်းသို့ တင်ပို့ခြင်း နှင့် စျေးကွက် အခြေအနေ အကြောင်းများကို ရှင်းလင်းဟောပြောပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၅ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်အတွင်း အုပ်စုကျေးရွာများတွင်လည်း သင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချမည်ဟု မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြား ခဲ့သည်။
ကိုမင်း (ခရမ်း)