တာချီလိတ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်က တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းသို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက် ပေးထားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် အတူ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စံလင်းဖြိုး(Positive Quarantine Centre)သို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိရန် ပြင်ဆင်ထားမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် "ပန်းခင်း" စီမံချက်ဖြင့် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်း ဆောင်ရွက်ထား သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်၍ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ် များနှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးလက်နေတိုင်းရင်းသား ရှမ်း၊ ပလောင်၊ လားဟူနှင့် အာခါ တိုင်းရင်းသားတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၉၄၈)ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း စုစုပေါင်း( ၂၅၀)စုတို့ကို ပေးအပ်ခဲ့သည်။
ယင်းနောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေ မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီအတွက် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။
ယာဆေး(ပြန်/ဆက်)