ကျောက်ပန်းတောင်းမြို့နယ် ကျောက်တန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ သတ္တမအကြိမ်မြောက်ထုတ်ချေး

ကျောက်ပန်တောင်း    အောက်တိုဘာ    ၁၆

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြို့ပင်သာကျေးရွာအုပ်စု၊ ကျောက်တန်း ကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာ ရီက အဆိုပါကျေးရွာရှိ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေအိမ်၌ ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရန်ပုံငွေထုတ်ချေးပေးအပ်ပွဲ အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ကိုလတ်က မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍  မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်မှာဖြစ်ပါကြောင်း၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို၊ ကျေးရွာမှ ကိုယ်တိုင်ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်နှင့် ကျေးလက်လူထု ၏စွမ်းရည် တိုးတက်လာစေရန်အပြင်၊ မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များ ကျရောက် လာပါကလည်း တုံ့ပြန်မှု အားကောင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကော်မတီဝင်များက စီမံကိန်းရန်ပုံငွေကျပ်(၃၉.၀၀)သန်းကို စိုက်ပျိုးရေးလုပ် ကိုင်သူ(၃၅)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၅၃)ဦး နှင့် အရောင်းအဝယ်လုပ်ကိုင်သူ(၃)ဦး စုစုပေါင်း (၉၁)ဦးတို့ထံတစ်ဦးချင်း ပေး အပ်ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ကိုလတ်နှင့် ဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင်ကော်မတီ နာယကနှင့်စီမံကိန်းကော်မတီဝင်များ၊ ချေးယူသည့် အသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)