မိုင်းဆတ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်သူပညာပေးခန်းမဆောင်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းလွင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယ ပြည်နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိမိတို့ စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် တောင်သူ ဦးကြီးများအား စဉ်ဆက်မပြတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ စွမ်းဆောင်ရည် မြင့်မားစေရန် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် ပိုးမွှား အန္တရာယ် နှိမ်နင်းရေးတာဝန်ခံတို့က သက်ဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြပြီး ဝန်ထမ်း စွမ်းရည်မြှင့်သင်တန်းကို မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများတွင် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ခရိုင်နှင့် မြို့နယ်မှ ဝန်ထမ်း(၁၅)ဦးဖြင့် သင်ကြားပို့ချခဲ့ ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)