မော်လမြိုင် အောက်တိုဘာ ၁၆
မွန်ပြည်နယ်သည် ဒေသထွက်ကုန်များနှင့် အခြားကုန်စည်များ စီးဆင်းဝင်ရောက်မှု၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်သည်နှင့်အညီ ပြည်နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်း ပို့ဆောင်မှု ကောင်းမွန်စေရေးတို့ အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့် အတူ မော်လမြိုင်ဘူတာကြီးရှိ မြန်မာ့မီးရထားတိုင်း အမှတ်(၈)တွင် မီးရထားမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ဌာန လုပ်ငန်းတာဝန်များကို လိုက်နာ ဆောင်ရွက် ၍ ပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်မှု ကောင်းမွန်စေရေး၊ ရထားလမ်းဘေး ဝဲယာချုံနွယ်များ၊ မီးရထားနယ်မြေအတွင်း ကျူးကျော်မှုမရှိစေရေး၊ ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး မော်လမြိုင်ဘူတာ ကြီးတွင်ရထားများ ပြေးဆွဲဆောင်ရွက် နေမှုအခြေအနေ၊ ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ စက်ခေါင်းပြင် စက်ရုံသို့ ရောက်ရှိ၍ စက်ခေါင်းတွဲများ ပြုပြင်ခြင်းနှင့် စက်တွဲခေါင်းများ ထိန်းသိမ်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။
မွန်ပြည်နယ်တွင် မြန်မာ့မီးရထား ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအနေဖြင့် မော်လမြိုင်-ရန်ကုန်- မော်လမြိုင် လူစီးအမြန်ရထား၊ မော်လမြိုင်-ရေး-မော်လမြိုင် လူစီးကုန်ရထားများကို နေ့စဉ်ပြေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှု၊ လမ်းတံတားများ ရေရှည်တည်တံခိုင်မြဲရေး၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်နိုင်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)