ပွင့်ဖြူမြို့နယ်တွင်  အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ       အောက်တိုဘာ        ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက် ရှိသော ကျောင်းသားကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်  အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက် (၁၂)နှစ် အထက်ရှိသော ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ ဆေးထိုးစုရပ်များ အလိုက် ကြီးကြပ်ဆောင်ရွက်မည့် ဌာနဆိုင်ရာများအနေဖြင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးကြရန်  ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံရန် စီစဉ်ထားရှိသော ဆေးထိုးစုရပ်ကျောင်းများအလိုက် ကျောင်းသားဦးရေစာရင်းနှင့် ဆရာ၊ ဆရာမများတာဝန်ပေး ဆောင်ရွက်ထားမှုများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး ဒေါက်တာစိုးစိုးနိုင်က ကာကွယ်ဆေး ထိုးနှံဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့(အ.ထ.က) ၊ ရှောက်တောကျေးရွာ(အ.ထ.က) ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က) ၊ ကျောင်းတော်ရာကျေးရွာ(အ.ထ.က) ၊ မဲဇလီကျေးရွာ(အ.ထ.က) ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က)၊ ထနောင်းကုန်းကျေး ရွာ (အ.ထ.က) စုစုပေါင်း ဆေးထိုးစုရပ် (၇) နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးရမည့် အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသားဦးရေ စုစုပေါင်း ၅၃၇၅ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )