ပူတာအို လေဆိပ် လေယာဉ်ပြေး လမ်းတစ်လျှောက် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေးဆောင်ရွက်

ပူတာအို အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ပူတာအိုမြို့ရှိ ပူတာအို လေဆိပ် လေယာဉ်ပြေးလမ်းတစ်လျှောက်တွင် လေယာဉ် များဆင်းသက်စဉ်အန္တရာယ်မရှိစေရေးအတွက် လေယာဉ်ပြေးလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါပူတာအို လေဆိပ် လေယာဉ်ပြေးလမ်း တစ်မိုင် ခန့်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများစုစုပေါင်းအင်အား(၁၀၀)ဦးခန့်က မြက်ရိတ်စက်များ၊ ပေါက်တူး၊ ပေါက်ပြား၊ ဓါး၊ တံမြက်စည်းကြမ်းများဖြင့် လေယာဉ်ပြေးလမ်းနှင့်ပြေးလမ်း ဝဲ ယာရှိ မြက်ပင်များခုတ်ထွင်ရှင်း လင်းခြင်း၊ ခုတ်ထွင်ရှင်းလင်းပြီး သောအမှိုက်များကို အမှိုက်သိမ်း ကားဖြင့်စနစ်တကျ သိမ်းယူခြင်း ဆောင်ရွက်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့၀င် များကကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပူတာအို လေဆိပ် လေယာဉ်ပြေးလမ်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်ရန် ကျန်ရှိသည့်အပိုင်း အား လာမည့်အပတ်များတွင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ ပူတာအို လေဆိပ်သို့ မြန်မာ့အမျိုးသား လေကြောင်းလိုင်းအား ဗုဒ္ဓဟူးနှင့် တနင်္ဂနွေရက်များတွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း လိုင်းအား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေရက်များတွင်လည်းကောင်း ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်းသိရ သည်။

ခရိုင်ပြန်/ဆက်