ရသေ့တောင် အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) အား ပထမအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာ မူလွန်(၄၀)ကျောင်း၊ အ.လ.က (၂၂)ကျောင်း၊ အ.လ.က ခွဲ(၂၈)ကျောင်း၊ အ.ထ.က ခွဲ (၁၂) ကျောင်းနှင့် အထက(၉)ကျောင်း စုစုပေါင်း(၁၁၁)ကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၂၂၆၄)ဦးတို့ကို စုရပ်(၁၈)နေရာ၌ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေး သွားမည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်မှုဖြင့် သတ်မှတ်စုရပ်အလိုက် အခြေခံပညာကျောင်းများ တွင် ပညာသင်ကြား လျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)