တံတား ဩဂုတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တံတားပြန်/ဆက် ဦးစီးမှူး ဒေါ်အေးအေးလွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကလေး သူငယ်များ သိသင့်သိထိုက်သော လူကုန်ကူးမှု မြောက်စေ သည့် အချက်အလက် အကြောင်းအရာများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသော ဆိုးကျိုးများ၊ အသိပေး တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကလေးသူငယ်ကူးသန်း ရောင်းဝယ်ရေး၊ လူကုန်ကူး ရောင်းဝယ် မှု အခြေအနေ အမျိုးအစားများနှင့် လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြီး ကလေးငယ်များမှ သိရှိလိုသည့် မရှင်းလင်းသည့် အချက်အလက်များအား ပြန်လည်ဖြေကြားပေး၍ အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူများ ဗဟုသုတရရှိစေရန်အတွက် ရုံးအတွင်း ခင်းကျင်းပြသထားသော လူကုန်ကူးမှု ပပျောက်ရေး နံရံကပ် စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ မေးခွန်းနှင့် အဖြေ ပိုစတာများ စသည့် နံရံကပ်စာစောင်များအား စာပေဝါသနာရှင် များက လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)