အသက် ၁၂ နှစ်အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

နွားထိုးကြီး အောက်တိုဘာ ၁၆

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့တွင် အသက် ၁၂ နှစ်အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် ပညာရေးဦးစီးဌာနမှ ဒုတိယပညာရေးမှူး ဦးမြင့်ကြိုင်အား ယခုလို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။     နွားထိုးကြီးမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်၁၂နှစ်အထက်၊ အသက်၁၈နှစ်အောက်၊ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ ပညာရေးဌာနမှမှ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုကို သိလိုပါတယ်ခင်ဗျာ။

ဖြေ။     အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေကို နိုင်ငံတော်အစီအစဉ်နှင့် အသက်၁၂နှစ်အထက်၊ အသက်၁၈နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းအပ်နှံ ထားတဲ့ အခြေခံပညာ အထက်တန်း၊ အလယ်တန်းမှ ကျောင်းသား၊ ကျောင်းသူများကို မိဘ အုပ်ထိန်သူ ခွင့်ပြုချက် ရယူထားသူများကို ပထမအကြိမ် ထိုးနှံပေးမှာဖြစ်ပါတယ်၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံတဲ့အခါ ပညာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများကို ထိုးနှံသွားပြီးတော့ ဒုတိယအနေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဂ္ဂလိက ကျောင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးမှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများကို စာရင်းကောက်ယူခြင်း၊ ဆေးထိုးမည့်အခန်းများ ပြင်ဆင်ခြင်း၊ နားနေရမည့်အခန်းများကို ကြိုတင်ပြင်ဆင်ထားပါတယ်။

မေး။     ကာကွယ်ဆေး ထိုးနှံတဲ့အခါမှာ ဆေးထိုးရမည့် စုရပ်များကို ဘယ်လိုသတ်မှတ် ထားပါသလဲခင်ဗျာ။

ဖြေ။     ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ စုရပ်(၅)နေရာခွဲပြီး ဆေးထိုးပေးမှာဖြစ်ပါတယ် အထက နွားထိုးကြီး၊ အထက ရွာကြီး၊ အထက ဝက်လူး၊ အထက ပြင်စည်နှင့် အထက ကန်နားတို့မှာ စုရပ်(၅)ခု တို့မှာထိုးနှံမှာဖြစ်ပါတယ်။

မေး။     ကာကွယ်ဆေး ထိုးနှံဖို့ အကျုံးဝင်တဲ့ကျောင်းသား၊ ကျောင်းသူ အရေအတွက်ကို သိလိုပါတယ်ခင်ဗျာ။

ဖြေ။     နွားထိုးကြီးမြို့နယ်၏ ကျောင်းသား၊ ကျောင်သူ အရေအတွက်ကတော့ အထက်တန်း အဆင့်မှာ ၁၃၇၃ ဦး၊ အလယ်တန်းအဆင့်မှာ ၃၉၅ ဦး၊ စုစုပေါင်း ၄၉၆၈ဦးကို ထိုးနှံမှာဖြစ်ပါ တယ်။

မေး။     ဆရာကြီးခင်ဗျား ကျောင်းသား၊ ကျောင်းသူတွေ ကာကွယ်ဆေး ထိုးခွင့်ရပြီဆို တော့ ဆေးထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ရင်ထဲကပီတိစကားသံတွေကို မျှဝေပေးစေချင်ပါ တယ်ခင်ဗျာ။

ဖြေ။     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခွင့်ရတဲ့အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူများဟာ ရောဂါဖြစ်ပွားမှုလျော့ချနိုင်ပြီး ပညာသင်ကြားခွင့် အခွင့်အလမ်းကို ရရှိမှာဖြစ် သလို ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် ကိုယ်မိသားစုဝင်များကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ဟန့်တားနိုင်မှာဖြစ်ပါတယ်၊ ယခုလို ကာကွယ်ဆေး ထိုးနှံ ပေးသည့်အတွက် အထူးပဲဝမ်းသာပီတိ ဖြစ်မိပါတယ်။

မေး။     ဆရာကြီးအနေနဲ့ အခြားဖြည့်စွက် ပြောစရာများရှိရင်လည်း ပြောကြားစေခြင် ပါတယ်ခင်ဗျာ။

ဖြေ။     အသက် ၁၂ နှစ်နှင့်အထက်၊ အသက် ၁၈ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြဖို့တိုက်တွန်လိုပါတယ်။

သန်းအောင်ဇော်