နမ့်ဆန် အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်၁၀နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပကြောင်းသိရသည်၊
နမ့်ဆန်မြို့နယ် ကျေးရွာအသီးသီးမှာ နေထိုင်ကြသည့် ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူများကို ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များဖြစ်သည့်တိုင်းရင်းသား/ ဥပဒေအရနိုင်ငံသားများ အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ဉပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရပါသည်။
ထို့နောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့မှုအား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်ပွဲအခမ်းအနားတွင် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တာသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဉီးစီးမှူးဉီးတင်ထွန်းလင်းမှ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာအုပ်စု (၄)အုပ်စုဖြစ်သည့် ကယားလမ်းအုပ်စု၊ ငွန်ဆိုင်းအုပ်စု၊ တောင်မအုပ်စု၊ မန်ကန်အုပ်စုတို့မှ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၉)ကတ်၊ (၁၀)နှစ်မှ (၁၈)နှစ်ပြည့်လဲလှယ်(၁၈)ကတ်၊ မှတ်ပုံတင်ပျောက်ပျက်မိတ္တူ(၂၄)ကတ် စုစုပေါင်း(၂၀၀)ကတ်တို့အား ပြုလုပ် သူများနှင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ကယားလမ်းအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတာသိန်းဇော်၊ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးဦးတင့်ကျော်လွင်၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးဝင်သန်းထိုက်နှင့် အဖွဲ့ဝင်များ၊သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများနှင့် ပြည်သူလူထုအင်အား (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းဆိုင် (ပလောင်ဒေသ)