နေပြည်တော် အောက်တိုဘာ ၁၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀၀)ကျပ်နှုန်းဖြင့် နေပြည်တော်အတွက် စားအုန်း ဆီပိဿာ (၂၂၀၀၀)၊ တန်ချိန်(၃၆)တန်ကို ယနေ့မှစ၍ရောင်းချပေးခဲ့သည်။
နေပြည်တော်တွင် လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် တစ်ပိဿာ (၃၈၂၀)ကျပ်၊ လက်လီ အရောင်းဆိုင်များတွင် သယ်ယူပို့ဆောင်ခစရိတ်များ ထပ်ပေါင်းကာ အသားတင် အကျိုးအမြတ် (၂) ရာခိုင်နှုန်း ထက်မပိုသည့် ဈေးနှုန်းဖြစ်သည့် တစ်ပိဿာ (၃၉၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။ စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချ ပေးမည့် လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ပွဲရုံတန်း၊ မြို့မဈေး၌ ယနေ့ တွင် စတင်ဝယ်ယူနိုင်ကြောင်းနှင့် အာဟာရသုခဈေး၊ ပျဉ်းမနား၊ သပြေကုန်း၊ တပ်ကုန်း၊ လယ်ဝေးဈေးနှင့် နေပြည်တော် ဈေးအသီးသီးတို့တွင် အောက်တိုဘာ (၁၆)ရက်နေ့မှ စတင်၍ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)