ငါန်းဇွန်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး

ငါန်းဇွန်  အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ငါန်းဇွန်မြို့နယ် ဦးစီးမှူးရုံး၌ အမှတ်(၄)ရပ်ကွက်မှ ပြည်သူများအတွက် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ခင်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်းနှင့် ပန်းခင်းစီမံချက် လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပန်းခင်းစီမံချက်လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးခြင်းနှင့် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နိုင်ငံသား စိစစ်ရေး ကတ်ပြား(၁၅၆)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁၂၈)ခုအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)