ကျောက်မဲ အောက်တိုဘာ ၁၅
ကျွန်မနာမည်ကတော့ ဇင်ဇာဇော်ပါ အလုပ်အကိုင်ကတော့ ဝန်ထမ်းပါရှင်။ကိုဗစ်စဖြစ်တဲ့ လက္ခဏာကတော့ မခံစားလိုက်ရဘူး။ မနက်ပိုင်း မိုးနည်းနည်းမိတယ်။ ရုံးရောက်တော့ နှာစေး၊ ညောင်းကိုက်လာလို့ ဆေးခန်းသွားပြီး ဆေးထိုးလိုက်တယ် နောက်တစ်နေ့ ရုံးက ညီမလေးတစ်ယောက်က ဖျားတာ ၇ ရက်ရှိလို့ ပိုးရှိ/မရှိ သွားစစ်တော့ အဲ့ဒီ ညီမလေးမှာ ပိုးတွေ့တယ် အဲ့ဒါနဲ့ ကိုယ်ကလဲနှာစေးနေတော့ မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်မနေတော့ဘဲ သီးခြားနေလိုက်တယ်။ နောက်တစ်နေ့ ရုံးမှာရှိတဲ့ ရုံးအဖွဲ့အားလုံးကို ပိုးရှိ/မရှိ စစ်ဆေးကြည့်တော့ ၅ ယောက် ပိုးတွေ့တယ်။ အဲဒီအထဲ ကျွန်မအပါအဝင်ပေါ့။ ပိုးတွေ့တယ်လို့ကြားကြားခြင်း မျက်ရည်တွေက အလိုလိုကျလာတယ်။ ဘာခံစားချက်နဲ့မှ မတူဘူး။ဘယ်လိုဝမ်းနည်းတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ ။ လာစစ်တဲ့ဆရာက ဘာမှမဖြစ်ဘူး ဝမ်းနည်းစရာမလိုဘူး ဆေးရုံတက်ကုသလိုက်ရင် ကောင်းသွားမှာလို့ အားပေးပါတယ်။ တစ်ရုံးထဲနေ လုပ်ဖေါ်ကိုင်ဖက်တွေလည်း အားမငယ်ဖို့ အမျိုးမျိုးအားပေးကြပါတယ်။ ဆေးရုံရောက်တော့ တစ်ခန်းထဲ ၃ ယောက် နေရပါတယ်။ ဆေးရုံက ဆေးဝါးတွေပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေကို အပြင်မှာဝယ်သောက်ပါတယ် ။ တစ်ခုခုဖြစ်တယ်လို့ ပြောလိုက်ရင်လဲ ဆေးရုံက ဆေးတွေထပ်ပေးပါတယ်။ မြို့နယ် ကိုဗစ်ကော်မတီက နံနက်၊ နေ့လယ်၊ ညစာ ၃ နပ်ကျွေးပါတယ်။ ကျွန်မတို့ အစီအစဉ်နဲ့လည်း စွပ်ပြုတ်၊ အသီးအရွက်ကြော် ပူပူလေး၊ ကြက်ဥပြုတ်တွေထပ်စားပါတယ်။
ကျွန်မကတော့ ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့အတွက် ရောဂါပြင်းပြင်းထန်ထန် မခံစားခဲ့ရပါဘူး။ နှာစေး၊ ချောင်းဆိုးလောက်ပဲ ဖြစ်တာ။ ဆေးရုံတက်ပြီး ဒုတိယနေ့မှာ အနံ့ပျောက်သွားခဲ့တယ်။ စတုတ္ထနေ့မှာ အနံ့ပြန်ရလာပါတယ် ။ ဆေးဝါးကုသနေစဉ် အတွင်း ကျွန်မတို့တတွေ မနက်မိုးလင်းရင် လေ့ကျင့်ခန်းလုပ်တယ်။ လမ်းလျှောက်တာတွေ အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ကြတယ်။ မလုပ်ပဲနေတဲ့သူတွေကိုလည်း ကျွန်မကအတင်းခေါ်ပြီး လမ်းလျှောက်ခိုင်း၊ လေ့ကျင့်ခန်းလုပ်၊ အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ခိုင်း၊ အားလုံးလုပ်အောင် ကျွန်မနိုးဆော်ခဲ့ပါတယ်။ ဆေးရုံမှာ ကိုဗစ် ဖြစ်တဲ့သူအချင်းချင်းကတော့ တကယ့် အမျိုးအရင်းတွေလို ဖြစ်သွားကြတယ်။ အကယ်၍ အိမ်ပြန်ရောက်ရင်လဲ မိသားစုနဲ့ ၁၄ ရက်ကြာခပ်ခွာခွာနေဖို့ ၊ ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ နေထိုင်သွားလာဖို့ ကျွန်မက အကုန်လုံးကို တိုက်တွန်းပြောကြားခဲ့တယ်။ ကိုယ်ကိုယ်တိုင်လဲ လိုက်နာနေထိုင်ခဲ့ပါတယ်။
ရောဂါဖြစ်တဲ့သူတွေကို အကြံပေးချင်တာက မိမိဆန္ဒနဲ့ အိမ်မှာပဲကြိတ်မကုကြပါနဲ့။ မိမိအတွက်လဲ မကောင်းဘူး။ အတူနေမိသားစုဝင်တွေအတွက်လဲ စိတ်ပူရတယ်။ ဆေးရုံတက်ပြီး ဆေးကုသရင် ၁၁ ရက်ဆို သက်သာရင်ဆေးရုံက ဆင်းရတယ်။ အောက်ဆီဂျင်ကျခဲ့ရင်လဲ ဆရာဝန်၊ ဆရာမတွေက PPE ဝတ်စုံဝတ်ပြီး လာရောက်ကုသပေးကြပါတယ်။ ကျန်းမာရေးညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေထိုင်ရင် အမြန်သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
တကယ်လို့ ပိုးတွေ့တယ်လို့ မိမိအနေနဲ့ သိလာရင် ဝမ်းမနည်းပါနဲ့ ။ ကျွန်မဆို သိသိခြင်း ဝမ်းနည်းလို့ငိုတာ ပိုပြီး နှာစေးသွားတယ်။ ကျွန်မရဲ့အမ မမသဲကသူနာပြုဆိုတော့ သူ့ရဲ့အားပေးမှု၊ ဘယ်လိုနေထိုင်စားသောက်ရမယ်လို့ ပြောပေးတာက ကျွန်မတို့အတွက် အားဆေးတစ်လက်ပါ။ သူ့ရဲကျေးဇူးကတော့ အရမ်းပါပဲ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ဖုန်းနဲ့ အားပေးကူညီတာတွေကလဲ ရောဂါတစ်ဝက် သက်သာစေပါတယ်။
နောက်ဆုံးအနေနဲ့ အကြံပြုလိုတာကတော့ မည်သူမဆို မိမိကိုယ်ကို ကိုဗစ်ဖြစ်ကြောင်း သံသယရှိရင် ဖျားနာနေရင် ဆေးရုံကို အမြန်ဆုံး သွားရောက်ပြသစစ်ဆေးပြီး ဆေးကုသမှု ခံယူကြပါလို့ ပြောချင်ပါတယ်ရှင်။
တွေ့ဆုံမေးမြန်းသူ- နှင်းရည်(ပြန်/ဆက်)