ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ နှင့်ပတ်သက်သည့်  စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံကာ ဆွေးနွေးမေးမြန်းခြင်း

အခြေခံပညာကျောင်းသား/သူတွေ ပညာသင်ကြားမှုအခွင့်အရေးတွေမဆုံးရှုံးစေဖို ၊ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် ကျောင်းသားမိဘတွေ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများ မှ ကာကွယ်ဆေးထိုးနှံရာမှာ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်

လွိုင်လင်        အောက်တိုဘာ    ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား ပြန်ကြားပေးရန် ၊ ဖျော်ဖြေပေးရန် ၊ အသိပညာပေးရန် စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ခရိုင်ရုံးမှ ဝန်ထမ်းများသည် အောက်တိုဘာလ ၁၅ ရက် ၊ နံနက်(၁၀)နာရီက လွိုင်လင်မြို့နယ် ပညာရေးမှူးရုံးသို့သွားရောက်၍ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/သူများကို နိုင်ငံတော်၏စီမံမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ နှင့်ပတ်သက်သည့်  စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံကာ ဆွေးနွေးမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။   ။ ဆရာကြီးရဲ့ အမည် ၊ ရာထူး ၊ တာဝန်များနှင့်ပတ်သက်ပြီး ပြောကြားပေးပါရှင့်

ဖြေ။  ။ကျွန်ကတော့ လွိုင်လင်မြို့နယ် ပညာရေးမှူး ဦးသန်းစိုး ဖြစ်ပါတယ်။ကျွန်တော့ရဲ့ လုပ်ငန်းတာဝန်ကတော့ မြို့နယ် ပညာရေးမှူးရုံးရဲ့ စီမံ ၊ ဘဏ္ဍာ ၊ ပညာ နှင့် စာရင်းအင်းဌာန လုပ်ငန်းတာဝန်များကို တာဝန်ခံကြီးကြပ်ရသူဖြစ်ပါတယ် ။

မေး။ ။ လွိုင်လင်မြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း နဲ့ ကျောင်းသားဦးရေ အရေအတွက် စာရင်းကို ပြောကြား ပေးပါရှင့် ။

ဖြေ။ ။ဟုတ်ကဲ့ ကျွန်တော်တို့ လွိုင်လင်မြို့နယ်မှာဆိုရင် အခြေခံပညာကျောင်းပေါင်း (၁၄၉)ကျောင်းရှိပါတယ်  အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းကျောင်းကတော့ (၄၃)ကျောင်းရှိပြီး အသက်(၁၂ နှစ် နဲ့ (၁၈)နှစ်ကြားရှိ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဦးရေကတော့ ( ၂၇၈၉)ဦး ရှိပါတယ် ။

မေး ။   ။ ဆရာကြီးတို့အနေနဲ့ အသက်(၁၂)နှစ် နှင့် အထက် ကျောင်းသား/သူ များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် စီမံဆောင်ရွက် ထားရှိတဲ့ အခြေအနေများကိုလည်း ဆက်လက်ရှင်းပြပေးပါဦးရှင့်

ဖြေ။  ။ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေးနဲ့ စီမံဆောင်ရွက်ထားတာကတော့ ကျောင်းတွေရဲ့ တည်ရှိမှု အနေအထားပေါ် မူတည်ပြီးတော့ ကာကွယ်ဆေးထိုးရန် လာရောက်ကြမယ့် ကျောင်းသား/သူများ သွားရေး လာရေးအခက်အခဲမရှိစေရန် ရည်ရွယ်ပြီးတော့ ကာကွယ်ဆေးထိုးစုရပ်အုပ်စု (၄)စု ခွဲထားပါတယ် ။ဆေးထိုးစုရပ် အုပ်စု(၁)အနေနဲ့ အထက-၂ (လွိုင်လင်) ၊ အုပ်စု(၂)ကတော့ အထက(မိုင်းပွန် ) ၊ အုပ်စု(၃)ကတော့ အထက-၁(ပင်လုံ) နဲ့ အုပ်စု(၄)ကတော့ အမက(ကျူနိမ့်ကျေးရွာ)မှာ စီစဉ်ထားပါတယ် အဲဒီ ဆေးထိုးစုရပ်တွေမှာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ပညာရေးမှူးများက ကြီးကြပ်ကြမှာဖြစ်ပြီးတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေက စာရင်းရေးသွင်းခြင်း၊ ကျူအာရ်ကုတ်ဖတ်ခြင်းတွေပြုလုပ်ပြီးတော့ သက်ဆိုင်ရာဌာန ဆိုင်ရာကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ် ။ 

မေး။   ။ လွိုင်လင်မြို့နယ်မှာရှိတဲ့ ဆရာ/ဆရာမတွေ ၊ ဝန်ထမ်းတွေရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများကိုလည်းပြောပြပေးပါရှင့်

ဖြေ။   ။ လွိုင်လင်မြို့နယ်မှာ ဆရာ/ဆရာမ နဲ့ ရုံးဝန်ထမ်း အားလုံးစုစုပေါင်း ( ၇၂၄ )ဦးရှိပါတယ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးတဲ့ ဆရာ/ဆရာမ ဦးရေကတော့ (၅၇၆)ဦးထိုးနှ့ပြီးပါပြီရာခိုင်နှုန်းအားဖြင့် ၇၉။၅၆ ရာခိုင်နှုန်းရှိပါတယ် ။

မေး။   ။ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူး တွေကိုလည်းပြောပြပေးပါရှင်

ဖြေ။  ။ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများကတော့ ကျောင်းသား/သူများအနေနဲ့ ပညာသင်ယူဖို့ အခွင့်အလမ်းတွေ မဆုံးရှုံးနိုင်ဘူး ၊ ကျန်းကျန်းမာမာနဲ့ စိတ်အေး ချမ်းမြေ့စွာ ပညာသင်ကြားနိုင်မယ် ၊ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ရောဂါဖြစ်ပွားမှု ၊ ရောဂါကြောင့် သေဆုံးမှုတွေကို လျော့ချနိုင်တဲ့အပြင် ၊ မိမိပတ်ဝန်းကျင် ၊ မိသားစု ကူးစက်မှု မှ ကင်းဝေးစေမှာဖြစ်ပါတယ်။။

မေး။  ။ ဆရာကြီးအနေနဲ့ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်စကား များရှိရင် ပြောကြားပေးပါရှင့်

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော်အထက်မှာပြောကြားခဲ့သလိုပါဘဲ။ အခြေခံပညာကျောင်းသူ/ကျောင်းသားတွေ ပညာသင်ကြားမှုအခွင့်အရေးတွေမဆုံးရှုံးစေဖို ၊ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့အတွက် ကျောင်းသား မိဘတွေ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကာကွယ်ဆေးထိုးနှံရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား ။

မေး။  ။ဟုတ်ကဲ့ရှင့် အခုလိုစိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့ဆရာကြီးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။

ဖြေ။   ။ကျွန်တော်အနေနဲ့လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

တွေ့ဆုံမေးမြန်း  နန်းသန္တာဦး ၊

သတင်းနှင့်ဓာတ်ပုံ လွိုင်လင်မိုး