ဇမ္ဗူသီရိမြို့နယ်တွင် “ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် ပူးပေါင်း၍ “ပန်းခင်း စီမံချက် အကြောင်းအသိပညာပေး” Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ပန်းခင်းစီမံချက် အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်က ပန်းခင်းစီမံချက်ဖြင့် မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ကိုင်ဆောင် သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေး ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များအကြောင်း၊ စီမံချက်ကာလမှာ (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ စီမံချက် ကာလ (၁၈) လ ကြာမြင့်မည် ဖြစ်ကြောင်း၊ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် နေထိုင်မှု ပုံစံ (၄) မျိုးဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် လူဦးရေစုစုပေါင်း (၁၂၇၂၁၆) ဦးနေထိုင်လျက်ရှိပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ (၄၇၇၈) ဦးနှင့် အသက် ၁၈ နှစ်အထက် (၉၃၇၁၂) ဦးရှိပြီး အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန်ကျန်ရှိသည့် (၅၇၃၁) ဦးအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် အသက် ၁၆နှစ် မှ ၁၈ နှစ်အထိနှင့် အသက် ၁၈ နှစ်အထက်ရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)