ကွန်ဟိန်း အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းအား ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က မြို့မကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများ မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော် လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနည်းလမ်းများဖြင့် အသက် (၁၀ နှစ်အထက်) နှင့် (၁၈ နှစ်အထက်) ရှိသူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးမှုတွင် မြို့မကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ၃(က) ဆောင်ရွက်သူ ၆၉ ဦး၊ ၆(က) ဆောင်ရွက်သူ ၃၁ ဦး၊ လဲလှယ်သူ (၁၄)ဦး၊ မိတ္တူ (၁၅)ဦး စုစုပေါင်း( ၁၂၉)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)