တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

တန့်ယန်း အောက်တိုဘာ ၁၅

တန့်ယန်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးတိုင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖေါ်ပြလိုက်ပါသည်။

မေး။   တန့်ယန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ပညာရေးဌာနအနေနှင့် ဆောင်ရွက်ထားမှုများကို သိပါရစေခင်ဗျာ၊

ဖြေ။    ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်တို့ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှ အသက် (၁၂)မှ(၁၈)နှစ်ကြားမှာရှိတဲ့ အလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ ရှိပါတယ်ခင်ဗျာ၊ အဲဒီအတွက် ကျွန်တော်တို့ ကျောင်းတွေမှာ ကျောင်းအသီးသီးက အသက်(၁၂)နှစ်နဲ့(၁၈)နှစ်ကြားမှာရှိတဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊သူ စာရင်းတွေကို ပြုစုထားပါတယ်၊ ပြုစုထားပြီးတဲ့နောက်မှာမှ လူဦးရေအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အုပ်စုဌာနလေးတွေခွဲထားပါတယ်၊ နောက်ပြီး ကျောင်းတွေမှာဆိုရင်လည်း ကလေးတွေ ဆေးထိုးလာတဲ့အခါမှာ ပထမ ရောက်လာတဲ့နေရာမှာ စုထားဖို့၊ ပြီးရင် ဆေးထိုးရမဲ့ဆေးထိုးခန်း၊ ဆေးထိုးဖို့၊ ဆေးထိုးပြီးတဲ့အခါမှာလည်း နာရီဝက်ခန့် စောင့်ကြည့်ဖို့ အခန်း တွေလည်း ပြင်ဆင်ထားပြီး ဖြစ်ပါတယ်ခင်ဗျ၊ ဒါအပြင် ဆေးထိုးတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ချို့ယွင်းသွားတာမျိုး ရှိခဲ့လို့ရှိရင် အဆင်ပြေအောင် မီးသတ်တို့ ကြက်ခြေနီတို့ကိုလည်း အကူ အညီတောင်းထားပါတယ်ခင်ဗျ၊ အဲဒီမှာ အောက်စီဂျင်ဗူးတွေလည်း အစဉ်သင့် ပြင်ဆင်ထားပါတယ်။

မေး။   တန့်ယန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း အရေအတွက်နဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆေးထိုးမည့် ဦးရေကိုလည်း ပြောပြပေးပါခင်ဗျ။

ဖြေ။    တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၈၉)ကျောင်းရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးမဲ့ အသက်(၁၂)နှစ်နှင့်(၁၈)နှစ်ကြား အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/ကျောင်းသူ ဦးရေ ကတော့ (၂၀၈၇)ယောက် ရှိပါတယ်ခင်ဗျာ။

မေး။   တန့်ယန်းမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံမဲ့ စုရပ်တွေကိုလည်း သိပါရစေခင်ဗျ။

ဖြေ။    တန့်ယန်းမြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အသက်(၁၂)နှစ်နှင့်(၁၈)နှစ် ကြားမှာရှိတဲ့ ကာကွယ်ဆေးထိုးမဲ့ ကလေးတွေကို ထိုးဖို့ စုရပ် (၇)ရပ် စီစဉ်ထားပါတယ်၊ အဲဒီစုရပ်တွေ ကတော့ အထက(၁)၊ အထက(၂)၊ အထက(မန်ကတ်)၊ အထက(မိုင်းပတ်)၊ အထက(မိုင်းကောင်) နောက်ပြီး အလက(တန့်ယန်း)တို့ ဖြစ်ပါတယ်။

မေး။   တန့်ယန်းမြို့နယ်တွင် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဘယ်လိုပြင်ဆင်ဆောက်ရွက်ထားပါသလဲခင်ဗျ။

ဖြေ။    ကာကွယ်ဆေးတိုးတဲ့အခါမှာ ကလေးတွေအတွက် အရေးပေါ်အခြေအနေများဖြစ်ပေါ်လာမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားမှုတွေကတော့ ကြက်ခြေနီအဖွဲ့အနေနှင့် အရေးပေါ်လူနာတင်ယာဉ်တွေ ပြင်ဆင်ထား ပါတယ်၊ ကာကွယ်ဆေးထိုးမဲ့ စုရပ်တွေတိုင်းမှာလည်း အောက်စီဂျင်ဗူးတွေ အစဉ်သင့် ဆောင်ထားပါတယ်။

မေး။   ဆရာကြီးအနေနှင့် ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်ပြီး ဖြည့်စွက်အကြံပြုစကားလေး ပြေကြားပေးပါခင်ဗျ။

ဖြေ။    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ ကျောင်းတွေက ပိတ်ထားတဲ့အခါကြတော့ ကလေးတွေရဲ့ပညာသင်ယူမှု အခွင့်အလမ်းတွေ ဆုံရှုံးနေရပါတယ်၊ အဲလိုဘဲ ကိုဗစ်-၁၉ ရောဂါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်းလာရိုက်ခတ်နေပါတယ်၊ အဲ့လိုရိုက်ခတ်တဲ့အတွက် ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်၊ အဲလိုကျောင်းတွေပိတ်ထားတော့ ကလေးတွေရဲ့ ပညာသင်ယူဖို့ အခွင့်အလမ်းတွေ ဆုံရှုံးနေပါတယ်၊ အခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးပြီးရင်တော့ ကျောင်းတွေလည်း ပြန်ဖွင့် တော့မယ်/ ပြန်ဖွင့်လှစ်လို့ရပြီဆိုတဲ့ အနေအထားလေးကို ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ အဲလိုမျှော်လင့်တဲ့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးပြီဆိုရင် ကလေးတွေရဲ့ ပညာသင်ယူဖို့ အခွင့်အလမ်း ပြန်ပြီးတော့ပွင့်မှာဖြစ်တဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်ခင်ဗျာ၊ နိဂုံးချုပ်အနေနှင့် ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့ ဆိုတဲ့အတိုင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့် (၁၈)နှစ်ကြားရှိ  ''ကျောင်းနေအရွယ်ကလေးတိုင်း'' ''ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ ကျောင်းသူအားလုံး တစ်ယောက်မကျန် ကာကွယ်ဆေး ထိုးနိုင်ဖို့အတွက် တိုက်တွန်းပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်းသူ-   ဦးစိုင်းထွန်းကျော်(ပြန်/ဆက်)

မင်းလွင်ဦး