ကာမိုင်း အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက လဝါးကျေးရွာရှိ နှစ်ခြင်းအသင်းတော်ယာယီဆောင်တွင် ကျင်းပသည်။
အခမ်းအနားတွင် ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က လဝါးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအခြေအနေများ၊ ကျေးရွာပြည်သူများအနေဖြင့် ကာကွယ်ဆေး ထိုးနှံကြရန် အတွက် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဘွမ်ယွန်က ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်များ၊ ပရဟိတစိတ်ရှိခြင်းသည် မွန်မြတ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး အခက်အခဲကို တတ်နိုင်သမျှ ဆောင်ရွက် ပေးနေပါကြောင်း ရှင်းလင်းပြောကြားပြီးပြည်နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးသန်းက ကိုဗစ်-၁၉ ရောဂါအကြောင်းအသိပညာပေး ပြောကြားပါသည်။
ဆက်လက်ပြီး ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများကို လဝါးကျေးရွာ၊ မဂေါင်းတောင်ကျေးရွာ၊ မအူပင်ရေကာတာကျေးရွာ၊ နန့်စီးအင်ကျေးရွာ၊ ကထန်ယန်ကျေးရွာ၊ နန့်ယားကျေးရွာ၊ ဒွန်ဘန်ကျေးရွာ၊ မန်ပန်ကျေးရွာ၊ နှောင်းမြီကျေးရွာများမှ တာဝန်ရှိသူများအား အသီးသီး ခွဲဝေပေးအပ်ခြင်း ဆောင်ရွက်ကြောင်း၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဌာနနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။