ပေါင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူမျးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးအတွက် ယနေ့နံနက် (၉)နာရီက ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စမ်းစမ်းအေးထံသွားရောက်၍ တွေ့ဆုံမေးမြန်းခဲ့ရာတွင် -

 

မေး။         ဆရာမကြီးတို့ရဲ့ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့အသက် (၁၂)အထက် ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးတွေကို ပြောပြပေးပါခင်ဗျာ-

ဖြေ။          ကျွန်မတို့ပေါင်မြို့နယ်မှာ ပညာရေးအပိုင်းကနေပြီးတော့ အဓီကအပိုင်းလေးပိုင်း ကြိုတင်ပြင်ဆင် ထားရှိပါတယ်၊ ပထမအပိုင်းအနေနဲ့ အသက်ကိုအတိအကျယူရမှာဖြစ်တဲ့အတွက်ကြောင့် အသက် (၁၂)နှစ်အထက်ရှိတဲ့ ၂၀၂၁-၂၀၂၂ မှာလာအပ်နှံထားတဲ့ကလေးတွေစာရင်းအတိုင်း ပေါင်မြို့နယ် အတွင်းမှာရှိတဲ့ အထက်တန်းကျောင်း (၂၄)ကျောင်း၊ အလယ်တန်းကျောင်း (၃၇)ကျောင်း၊ စုစုပေါင်း (၆၁)ကျောင်းမှာရှိတဲ့ အထက်တန်း၊ အလယ်တန်းကျောင်းသားများ စာရင်းပြုစုပြင်ဆင် ထားပါတယ်၊ ဒုတိယအပိုင်းအနေနဲ့ ဒီကလေးတွေအားလုံး ဆေးထိုးနှံနိုင်ဖို့အတွက် သွားရေး လာရေး လွယ်ကူနေရာတွေမှာ ဆေးထိုးစုရပ် (၈)ခုဆောင်ရွက်ထားရှိပါတယ်၊ တတိယအပိုင်း အနေနဲ့ ဆေးထိုးစုရပ်တွေမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စနစ်တကျဆေးထိုးနံနိုင်ဖို့အတွက် ဘယ်နေ့ဘယ်ရက်မှာ ကျောင်းသားဦးရေဘယ်လောက်ထိုးနှံဖို့ ကအစ စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်၊ စတုတ္ထအပိုင်းအနေနဲ့ ဆေးထိုးစုရပ် တွေမှာ ဆေးထိုးမဲ့နေရာ၊ စာရင်းပြုစုမဲ့နေရာ၊ အပူချိန်တိုင်းမဲ့နေရာ၊ သွေးပေါင်ချိန်ပေးမဲ့နေရာ၊ ဆေးထိုးပြီးနားနေရမဲ့နေရာ၊ အရေးပေါ်ကိစ္စဖြစ်ပေါ်လာပါက ဆောင်ရွက်ရမဲ့ကိစ္စတွေကအစ စုရပ်နေရာတွေမှာ ကြိုတင်ပြင်ဆင်ထားရှိပါတယ်။

မေး။         ပေါင်မြို့နယ်မှာ အသက်(၁၂)အထက် ကျောင်းသား/ကျောင်းသူ ဦးရေစာရင်း ဘယ်လောက်ရှိလဲ သိပါရစေခင်ဗျာ-

ဖြေ။          အထက်တန်းအဆင့်ကျောင်းသား (၁၆၃၂)ယောက်၊ အလယ်တန်းအဆင့်ကျောင်းသား (၆၅၃၄) ယောက်၊ စုစုပေါင်း (၈၁၆၆)ယောက်ကို ဆေးထိုးနှံပေးနိုင်ဖို့ ဆရာမကြီးတို့အနေနဲ့ ကြိုတင် ပြင်ဆင်ထားရှိပါတယ်။

မေး။         ကျောင်းသား/ကျောင်းသူတွေ့ကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက်တွေ ကို ဘယ်လိုဆောင်ရွက် ထားရှိပါသလဲခင်ဗျာ။

ဖြေ။          ကာကွယ်ဆေးထိုးနှံဖို့အတွက် ကာကွယ်ဆေးထိုးနှံရေးအသိပညာပေးဗီနိုင်းတွေကို ဆေးထိုးစုရပ်တွေ မြင်သာထင်သာတဲ့နေရာတွေမှာ အသိပေးကြေညာထားပါတယ်၊ ဒါ့အပြင် သက်ဆိုင်ရာကျောင်း များအလိုက် ဆေးထိုးမဲ့ကလေးတွေရဲ့ မိဘတွေကို ဖိတ်ခေါ်ပြီး ကာကွယ်ဆေးရဲ့ အကျိုးအာနိသင် တွေ၊ ဘယ်အသက်အုပ်စုမှာထိုးနှံရမလဲ၊ ဘယ်အသက်အုပ်စုမထိုးနှံကဘူးလည်း စသည့်ဖြင့်ပေါ့ ဆေးထိုးနှံခြင်း အကျိုးကျေးဇူးတွေကို ရှင်းလင်းအသိပေးထားပါတယ်၊ မိဘတွေရဲ့ သဘောတူ ခွင့်ချက်ရမှ ဆေးထိုးနှံပေးသွားမှာပါ၊

မေး။         ကာကွယ်ဆေးထိုးနှံပေးမယ့် အသက်(၁၂)အထက် ကျောင်းသား/ကျောင်းသူစာရင်း မကျန်အောင် ကျောင်းအလိုက် ဆောင်ရွက်ထားရှိမှုကိုလည်း ပြောပြပေးပါခင်ဗျာ-

ဖြေ။          အသက်(၁၂)အထက် ကျောင်းသား/ကျောင်းသူများ ကာကွယဆေးထိုးနှံမှု ကျန်ရှိမှုမဖြစ်အောင် သူတို့ရဲ့မွေးသက္ကရာဇ်အလိုက် ကျောင်းဝင်စာရင်းမှာ ကိုယ်ရေးရာဇဝင်တွေ၊ မွေးသက္ကရာဇ်တွေ မမှားအောင် အတိအကျစာရင်းပြုစုထားရှိပါတယ်၊ တကယ်လို့ ဆေးထိုးနှံပေးတဲ့အချိန်မှာ ကျန်းမာရေးအခက်အခဲကြောင့် ဆေးထိုးနှံဖို့ကျန်ခဲ့တဲ့ကလေးတွေရှိခဲ့ရင် ကျန်းမာရေးပြန်လည် ကောင်းမွန်လာတဲ့အချိန်မှာ ပြန်လည်ထိုးနှံပေးသွားဖို့ အစီအစဉ်တွေလည်းရှိပါတယ်၊ 

မေး။         အသက်(၁၂)အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန၊ အဖွဲ့အစည်းတွေကို သိချင် ပါတယ်ခင်ဗျာ။

                 မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန၊ ကျန်းမာရေးဌာနတို့ကအဓိကပူးပေါင်းပြီးဆောင်ရွက် နေပါတယ်၊ ဒါ့အပြင် သက်ဆိုင်ရာကျေးရွာအသီးသီးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တွေ၊ ဝိုင်းဝန်းကူညီပေးကြမယ် မိဘပြည်သူ တွေအားလုံးနဲ့ အားဖြည့်ပြီးတော့ ဆေးထိုးနှံတဲ့အခါအဆင်ပြေချောမွေ့ဖို့ ပြင်ဆင်နေပါတယ်၊

မေး။         အသက်(၁၂)အထက်ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှု အပေါ် ဆရာမကြီးရဲ့ ပီတိစကားသံကို သိချင်ပါတယ်ခင်ဗျာ။

ဖြေ။          ကိုဗစ်-၁၉ရောဂါကြီးဟာ တကယ်ကြောက်စရာကောင်းပါတယ် တတိလှိုင်းမှာ ကူးစက်မှုနှုန်းတွေ လည်းများ၊ သေဆုံးသူတွေလည်းများပြားခဲ့ပါတယ်၊ ဒီလိုကိုဗစ်ရောဂါဆိုးကြီးကြောင့် ဆရာမကြီး တို့ကလေးတွေ ကျောင်းမတက်ရတာ (၂)နှစ်နီးပါးရှိနေပြီ ဒါ့ကြောင့်မလို့ ကလေးတွေရဲ့ သင်ယူမှု အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့ရတယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကြီးသာထိုးနှံပြီးရင် ဆရာမကြီးတို့ကလေးတွေ ကူးစက်မှုတွေကင်းဝေးပြီး သူတို့ရဲ့သင်ယူမှု အခွင့်အလမ်းတွေ ပြန်ရ လာမယ်၊ သူတို့ရဲ့အနာဂတ်လေးတွေလှလာမယ်၊ ဒါကြောင့်မို့ အခုလို ကလေးတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပြီးရင်တော့ ဆရာမကြီးတို့ရဲ့ ကျောင်းတွေမှာ ရောင်စုံပန်းလေးတွေ ပြန်လည် ပွင့်လန်း လာတော့မှာဖြစ်တဲ့အတွက် ခုလိုဆေးထိုးနှံဖို့ဆောင်ရွက်ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ရှိ ပါတယ်။

 

ဝဏ္ဏမောင်(ပြန်/ဆက်)