ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ

ဒေါပုံ  အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-

ဒေါ်မေနွယ်ဝင်း

ကျွန်မကတော့ ဒေါပုံမြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ပါတယ်။ ကျွန်မ က ဇူလိုင် လ ၂၉ ရက်နေ့မှာ ကိုဗစ် ရောဂါစတင်ဖြစ်တာပါ။ အဲမတိုင်ခင် တစ်ပတ် လောက်ကထဲက ပြင်းပြင်းထန်ထန် အဖျားတက်ပါတယ်။ (၇)ရက်လောက် ကြာအောင် ဖျားပါတယ်။ ဖျားတော့ ကျွန်မ ဆေးတွေသောက်ပါတယ်၊ ဆေးသောက်လည်း အဖျားက မကျပါဘူး၊ နေ့ခင်းပိုင်းကို ဆေးရှိန်နဲ့ ချွေးတွေတအားထွက်ပြီး လေတိုးတာတောင်မခံနိုင်အောင် ချမ်းစိမ့်ကိုက်ခဲ နေတာပါ။ အဖျားနဲနဲသက်သာတော့ အနံ့ပျောက်တယ်၊ နှာခေါင်းပိတ်တယ်၊ ဘာမှစားလို့မရလည်း မရတော့ပါဘူး၊ အိမ်ကအတင်းမျိုးစုံ လုပ်ကျွေးတာကို မနည်းအားတင်းပြီး မျိုချခဲ့ရပါတယ်၊ အစာစားပြီးတာနဲ့ အန်ချင်စိတ်တွေ ဖြစ်လာပါတယ်။

ကျွန်မ စဖျားပြီဆိုကထဲက ကိုယ့်ကိုကိုယ် ကိုဗစ်လို့သဘောထားပြီး သီးသန့်ခွဲနေလိုက်ပါတယ်။ Mask တပ်တယ်၊ အသုံးအဆောင်ပစ္စည်းတွေကို သီးသန့်ခွဲ သုံးတယ်၊ ပတ်ဝန်းကျင်နဲ့ လုံးဝ ထိတွေ့မှု မရှိအောင် နေခဲ့ပါတယ်။ မဖြစ်မနေ ကျန်းမာရေးကိစ္စအပြင် ထွက်ရပြီဆိုရင်လည်း Mask၊ Face shield၊ Hand gel၊ မပါမဖြစ်ဆောင်သွားပါတယ်။ အဲဒီလို ပြင်းပြင်းထန်ထန် ဖျားတာ(၇) ရက်လောက် ဖြစ်သွားခဲ့ပါတယ်။ ရောဂါခံစားနေရတဲ့အချိန် ကျွန်မ ကိုယ် ကျွန်မ သေပြီ လို့ ထင်ခဲ့မိတာပါ။ ဒါပေမဲ့ကျွန်မ မသေချင်ဘူးလေ။ အဲတော့ ဒီရောဂါကို နိုင်အောင်တိုက်ထုတ်မယ် ‌ဆိုပြီး  ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်။ အစာမစားချင်လည်း ရအောင်စားပါတယ်။ ဘာသာရေးကိုလည်း ပိုလုပ်ပါတယ်။ ကြက်ဥပြုတ်စားပါတယ်။ Vitamin C ၊ Vitamin D ဆေးဝါးတွေကို ဆရာဝန်လမ်းညွှန်ချက်နဲ့အချိန်မှန်သောက်ပါတယ်။  ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါတယ်။ ဒီလိုနှင့်အနံ့ပျောက်ပြီး တစ်ပတ်လောက်မှာ အနံ့ပြန်ရ လာပါတယ်။ အနံ့ပြန်ရပေမဲ့လည်း ပေါ့ပေါ့ဆဆ မနေခဲ့ပါဘူး။ အပြင်လုံးဝမထွက်ခဲ့ပါဘူး။ အိမ်ထဲမှာ (၂၁) ရက်ကြာအောင် ကျွန်မ ကုသခဲ့ပါတယ်။ စဖြစ်တဲ့အချိန်တုန်းကတော့ အရမ်းအားငယ်မိတယ်။ သေရမှာတော့ ကြောက်တယ်လေ။ နောက်ပိုင်းစိတ်ကိုလုံးဝတင်းပြီတော့  “ ငါ ဒီရောဂါကို လုံးဝ တိုက်ထုတ်နိုင်ရမယ် ဆိုပြီးတော့” စိတ်ဆုံးဖြတ်ချက် ချပြီး ရင်ဆိုင် ကုသခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်ကျွန်မပြောချင်တာကတော့ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန် အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ ကိုဗစ် -၁၉ ရောဂါ သံသယ လက္ခဏဖြစ်ပေါ် ပါက လည်း လုံးဝ မကြောက်ပါနဲ့ စိတ်ကိုတင်းထားပါ အဓိက က စိတ်ပါ ။ စိတ်ကိုအနိုင်ရဖို့လိုပါတယ်။ ရောဂါကို စနစ်တကျ ကုပါ၊ လွယ်လွယ်နဲ့စိတ်ဓာတ် မကျပါနဲ့။  ကိုယ့်ကိုကိုယ် အကောင်းဆုံး ကာကွယ်ပြီးနေထိုင်သွားပါလို့ ပြောပြချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

ခင်မာဝေ(ပြန်/ဆက်)