မိုးနဲ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲ၏စီစဉ်မှုဖြင့် ကြက်ခြေနီလှုပ်ရှားမှုနှင့် ရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေရေးရန် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၃/၂၀၂၁)ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန် က ဥယျာဉ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ခွဲဥက္ကဋ္ဌ ဦးတိုးလှက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကြက်ခြေနီအသင်းခွဲရန်ပုံငွေအဖြစ် ငွေကျပ် တစ်သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးတိုးလှက လက်ခံခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇင်မီဟန် ၊မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် ကြက်ခြေနီတပ်စုမှူး နန်းထွေထွေးငယ်တို့က ဒါဏ်ရာအမျိုးမျိုး ၊ သွေးယိုစီးခြင်း ၊ အရိုးကျိုးခြင်း ၊လူနာစမ်းစစ်ခြင်း ၊ပတ်တီးစည်းနည်း စသည့်ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများကို သုံးရက်ကြာ စာတွေ့လက်တွေ့သရုပ်ပြ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)