ဒက္ခိဏသီရိ ဩဂုတ် ၁၈
နေပြည်တော်အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက ကော်မတီနှင့် ဆပ်ကော်မတီများအကြား ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စည်ကားဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ကော်မတီဝင် များအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများက နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေနေရာချထားပေး နိုင်ရေးကိစ္စရပ်များ၊ Infrastructure ကြေးပြင်ဆင်သတ်မှတ်ရေး ကိစ္စများ၊ စက်မှုဇုန် စီမံခန့်ခွဲ ရေးကော်မတီရုံး တည်ဆောက်ရေးအတွက် စက်မှုလုပ်ငန်းရှင်များ၏ မတည်ထည့် ဝင်ငွေ ကိစ္စများနှင့် ဘဏ္ဍာရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)