ကျောက်ဖြူ အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် တတိယအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ဆက်လက်ထိုးနှံပေးလျှက် ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန် ထမ်းများ က ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ က ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အနောက်ပိုင်းရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ မြစ်နားတန်းရပ် ကွက်၊ သန်ပန်ချောင်းရပ်ကွက် စသည့်မြို့ပေါ် ၅ ရပ်ကွက်မှ ဆေးထိုးရန်ကျန်ရှိနေသူများကိုလည်း ဦး စားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်အောင်ကျော်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ က ကြည့်ရှုပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး