အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် အခြေအနေနှင့် ပတ်သက်၍ ဆရာ၊ မိဘ၊ ကျောင်းသား တို့၏ရင်တွင်း ပီတိ စကားသံများ

ပျော်ဘွယ် အောက်တိုဘာ ၁၅

 

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို မကြာမီရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အခြေအနေနှင့်ပတ်သက်၍ ဆရာ၊ မိဘ၊ ကျောင်းသား တို့၏ ရင်တွင်း ပီတိစကားသံများကို ဖော်ပြလိုက်ရပါတယ်။

 

ဦးဆန်းဝင်း၊ တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ အလက(ဂွေးဇီးကျေးရွာ)

 

ကျွန်တော်အမည်ကတော့ ဦးဆန်းဝင်း ဖြစ်ပါတယ်၊ လက်ရှိအခြေအနေမှာ ဂွေးဇီးကျေးရွာ အခြေခံ ပညာ အလယ်တန်းကျောင်းမှာ တာဝန်ခံကျောင်းအုပ်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဖို့အတွက် စာရင်းဇယားကောက်ယူခြင်းကို ပြုစုဆောင်ရွက်နေတာဖြစ်ပါတယ်၊ ကျောင်းသား မိဘတွေကိုလည်း ကလေးတွေကာကွယ်ဆေးထိုးဖို့ ခွင့်ပြုချက် ရယူတောင်းခံခြင်းတွေကိုလည်း တစ်ပါတည်းဆောင်ရွက် လျက်ရှိပါတယ်၊ ဒီကျောင်းမှာဆိုရင် ဆေးထိုးခွင့်ရတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၂၆)ဦး ရှိပါတယ်၊ ဆေးထိုးနှံမည့်ရက် ကိုတော့ တိတိကျကျမသိရသေးပါဘူး၊ ဒါပေမယ့် ရက်ပိုင်းအတွက်ထိုးနှံသွားမယ်လိုတော့ သိရပါတယ်၊ မည်သူမဆိုကာကွယ်ဆေး ထိုးနှံကြ ဖို့ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်၊ အသိမိတ်ဆွေတွေကို တိုက်ထွန်းထားပါတယ်၊ ကျေးဇူးတင်ပါတယ် ခင်ဗျ။

 

ဦးစိုးသန်း၊ ကျောင်းသားမိဘ၊ ဂွေးဇီးကျေးရွာ

 

ကျွန်တော်ကတော့ ဂွေးဇီးကျေးရွာမှာနေထိုင်ပြီး ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးစိုးသန်း ဖြစ်ပါ တယ်၊ ယနေ့မှာဆိုရင် ကျောင်း အုပ် ဆရာကြီးက ကျွန်တော်တို့ကျောင်းသား မိဘတွေကို ခေါ်တွေ့ ပြီး အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ တွေကို မကြာမီရက်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှာဖြစ်တဲ့ အကြောင်း ဆွေးနွေးပါတယ်၊ ကျွန်တော်တို့ မိဘတွေ ကလည်း ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် ကြည်ဖြူစွာဘဲ ကျေနပ်စွာခွင့်ပြုကြောင်း လက်မှတ် ရေးထိုးပေးခဲ့ပါတယ်၊ ကလေးတွေပညာရေးနောက်ကျနေမှာကိုလည်း စိုးရိမ်မိပါတယ်၊ ကာကွယ် ဆေး ထိုးနှံပေးတဲ့အတွက် ဆရာနှင့်ကျောင်းသား ယုံကြည်မှုရှိစွာပညာသင်ကြားနိုင်မယ်လို့ ထင်မြင် မိပါတယ်၊ မိဘတစ်ဦးအနေနဲ့ ကလေးတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ယခုလို ထိုးနှံခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

 

မဇူဇူးမောင်၊ သတ္တမတန်းကျောင်းသူ၊ ဂွေးဇီးကျေးရွာ

 

သမီးကတော့ ဂွေးဇီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ သတ္တမတန်းမှာ ပညာသင်ကြား နေတဲ့ မဇူးဇူးမောင် ဖြစ်ပါ တယ်ရှင့်၊ သမီးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှာဖြစ်တဲ့ အကြောင်းကို အတန်းပိုင် ဆရာမမှအကြောင်းကြား ပေးတာ ဖြစ်ပါတယ်ရှင့်၊ သမီးမိဘတွေကလည်း ကျေနပ်စွာခွင့်ပြုကြောင်း လက်မှတ်ရေးထိုး ပေးတဲ့အတွက် မိဘတွေနဲ့အတူ စာရင်း လာရောက်ပေး သွင်းခြင်း ဖြစ်ပါတယ်ရှင့်၊ ကျောင်းတွေ မြန်မြန်ဖွင့်မှ သူငယ်ချင်း တွေနဲ့လည်း ဆုံဆည်းရမှာပါရှင့်၊ ကာကွယ်ဆေး ထိုးနှံထားတဲ့အတွက် သမီးတို့အချင်းချင်းတွေလည်း ယုံကြည်မှုရှိစွာ ပညာသင်ကြား နိုင်မှာဖြစ်ပါတာကြောင့် အားလုံးကို ကျေးဇူးတင် ပါတယ်ရှင်။

 

မင်းမင်းထွေး(ပျော်ဘွယ်)