ပေါက် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသော အသက်၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ အစည်းဝေးခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒေသခံပြည်သူ ၂၇၅ ဦးလာရောက် ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပြည်သူများ အဆင်ပြေစွာထိုးနှံနိုင်ရေး စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုး၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။
ပေါက်မြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် အသက် ၁၈နှစ်အထက် ကာကွယ်ဆေးမထိုးနှံရသေးသူများကို သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရကာ အောက်တိုဘာ ၉ရက်နေ့မှ ၁၅ရက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ စုစုပေါင်း ၁၇၂၀ဦး ရှိပြီဖြစ်ကြောင်း ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဉာဏ်တိုး