ပေါက် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာမှ ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ်မိုးဦးကာလတွင် မိုးအသင့်အတင့် ရွာသွန်းပေးသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းများလည်းရရှိသလို နှမ်းစိုက်ပျိုးအပြီး ငွေချည် (၉) ဝါစိုက်တောင်သူများ မိုးဝေသမှန်ကန်ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိ၍ လက်ရှိအချိန်တွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ဝါစိုက်ပျိုးရန်အတွက် ပထမဦးစွာ မိမိတို့၏ ယာမြေများကို ထယ်ရေးညက်ညက် ထွန်ယက်ကာ အောက်ခံမြေသြဇာများ ထည့်သွင်းနှပ်ထားပြီး နှစ်ရက်ခန့်အကြာတွင် ပင်ကြားတစ်တောင်၊ တန်းကြား နှစ်တောင်ထား ကြောင်းဆွဲကာ စိုက်ပျိုးကြရသည်။ စိုက်ပျိုးပြီးရက်ပေါင်း (၂၀) တွင် မိမိတို့၏ ကျွဲယှဉ်း၊ နွားယှဉ်းများဖြင့် ကြားလိုက် ပေါင်းသင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး တစ်လပြည့်ချိန်တွင် အားဆေး၊ မှိုဆေး၊ ပိုးသတ်ဆေးများကို ရက်ပေါင်း(၂၀)ခြား တစ်ကြိမ် ပတ်ဖြန်းခြင်းများ ပြုလုပ်ရသည်။ ဝါစိုက်ခင်းများ ပြုပြင်ဆောင်ရွက်ရာတွင် လုပ်အားခအနေဖြင့် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်ဦးလျှင်နေ့စားခ (၅၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ရကြောင်း၊ မနှစ်က ဝါးစျေးမကောင်းသဖြင့် အနည်းငယ်သာ အရှုံးဖြင့်ရင်ဆိုင်ကြရသည်ဖြစ်ရာ ယခုနှစ်မှာတစ်ပိဿာလျှင် (၁၂၀၀)နှုန်းဟုကြားသိရသည့်အတွက် ဆွတ်ခူးရောင်းချချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရန် မျှော်လင့်နေကြောင်း ယာကြီးပြင်ကျေးရွာနေ ဝါစိုက်တောင်သူများထံမှ သိရသည်။
လက်ရှိဖြစ်ထွန်းအောင်မြင်လျက်ရှိသော ငွေချည် (၉) ဝါစိုက်ခင်းများကို အောက်တိုဘာလ ကုန်ပိုင်းတွင် စတင်ကောက်ယူရမည့် အနေအထားဖြစ်ရာ ဝါစျေးနှုန်းများ ကောင်းမွန်စေရေးကို သာမျှော်လင့်နေရ၍ မိမိတို့ရိုးရာတောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်နေရပါကြောင်း ဒေသခံမျာထံမှ ကြားသိရသည်။
ဉာဏ်တိုး