သီပေါ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး နောက်ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်-
ဦးဝင်းရွှေ
တုံစင့်ကျေးရွာ၊ သီပေါမြို့။
ကျွန်တော့်နာမည်ကတော့ဦးဝင်းရွှေဖြစ်ပါတယ်။ အသက်က(၅၆)နှစ်ရှိပါပြီ။ သီပေါမြို့၊ တုံစင့်ကျေးရွာတွင် နေထိုင်ပြီး လက်သမားလုပ်ပါတယ်။အခုကိုဗစ်ကာလမှာ အလုပ်တွေ ပါးတာကြောင့် အခုအလုပ် မရှိပါဘူး။ မိသားစုဝင်(၃)ဦးနှင့်အတူနေထိုင်ပါတယ်။ အမျိုးသမီးက စက်တင်ဘာလ(၁၃)ရက်နေ့မှာ အရင်စပြီး ဖျားပါတယ်။ အဖျား ပျောက်ဆေးဝယ် သောက်ခဲ့ပါတယ်။ မသက်သာလို့ ဆေးရုံမှာ ဆေးစစ်ခံယူခဲ့တာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ကျွန်တော်တို့ပါဆေးရုံသို့သွားပြီးဆေးစစ်ခံခဲ့တာ ကျွန်တော့်မှာလဲ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ကိုယ်လက်ကိုက်ခဲတာတွေခံစားရပြီး ဆေးရုံမှာ (၁၀)ရက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ သမီးဖြစ်သူကတော့ ကူးစက် မခံခဲ့ရပါဘူး။ ဆေးရုံကဆင်းပြီး အိမ်မှာ Home Quarantine (၇)ရက်နေထိုင်ခဲ့ပြီး ယခုပြန်လည် သက်သာလာခဲ့ပါပြီ။ အမျိုးသမီးလဲသက်သာလာပြီဆိုတော့ နှစ်ယောက်အတူ ဆေးရုံကဆင်းခွင့်ရရှိခဲ့ပါတယ်။ ရောဂါစဖြစ်တော့ ပုံမှန်ဖျားနေကြ အတိုင်းမဟုတ်ဘဲ အသက်ရှုကြပ်တာကို ခံစားခဲ့ရပါတယ်။ အောက်ဆီဂျင်ကျတာတော့ မဖြစ်ခဲ့ပါဘူး ။ အိမ်မှာ သမီးတစ်ယောက် ပဲရှိတော့ သူလည်း Home Quarantine နေရတော့ အစားအသောက်ပို့ပေးမဲ့သူမရှိပါဘူး။ အစားသောက်တွေကို ဆေးရုံမှာ လာရောက်လှူဒါန်းကြတဲ့ အလှူရှင်တွေရှိလို့သာ ထမင်းမငတ်ခဲ့တာပါ ။ ဒီရောဂါက တကယ်ကြောက်ဖို့ကောင်းပါတယ်။ အခုတော့ ကာကွယ်ဆေး(ပထမအကြိမ်)ကို အောက်တိုဘာ လ(၆)ရက်နေ့က ကျွန်တော်တို့ လင်မယားနှစ်ယောက် စလုံးသွားရောက် ထိုးနှံခဲ့ပါတယ်။ ဆေးရုံကမှာကြား လိုက်တဲ့အတိုင်း ရောဂါကာကွယ်ရမဲ့နည်းလမ်းတွေကို လိုက်နာပါတယ်။ လက်ကို စနစ်တကျဆေးတယ်။ ပါးစပ်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်တယ်။တစ်ဦး နဲ့တစ်ဦး ခပ်ခွာခွာနေပြီး အတတ်နိုင်ဆုံး လူစုလူဝေးရှိတဲ့နေရာတွေကိုလည်း မသွားတော့ပါဘူး။ အားလုံးကိုလည်းလိုက်နာကြဖို့ သတိပေးချင်ပါတယ်။ အားလုံးကိုပြောကြား ချင်တာကတော့ နေမကောင်းဖြစ်လို့ မသင်္ကာရင် ဆေးရုံမှာ သွားရောက်ပြီး စစ်ဆေး မှုခံယူကြပါ။ ရောဂါပိုးရှိရင်လည်းစိတ်ကိုခိုင်မာစွာထားပြီး ကုသမှုခံယူမယ်ဆိုရင် ကျွန်တော်တို့လိုပြန်လည် ကောင်းမွန်ကျန်းမာလာမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ-အောင်ကိုကိုမြတ်(ပြန်/ဆက်)
ခင်လေး(သီပေါ၊ပြန်/ဆက်)