ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများ မိုင်းယုမြို့ မိုင်းယု-ကျိန်းယဲန်း တံတားနှင့် စိုက်ပျိုးရေးလုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှု

မိုင်းယု အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊  နယ်စပ်ဒေသ မိုင်းယုမြို့သို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်း တံတားနှင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတား ကိုဗစ်-၁၉ ရောဂါ ကာလ ယာယီ ကုန်သွယ်မှုပိတ်ထားသည့် အခြေအနေများ၊ ဒေသအခြေအနေများနှင့် နှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မိုင်တိုင် ၂၄၀နှင့် ဆွပ်ပလွေဆိပ်ကမ်းအခြေအနေတို့ကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ပြီး ဒေသအခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူ ဦးကြီးကွေ့၏ ၄၇ ဒဿမ ၈၀ ဧကရှိ ဒေသထွက် တစ်သျှူး ငှက်ပျောစိုက်ပျိုးထားမှု အခြေအနေအား လည်းကောင်း၊ တောင်သူ ဦးကြည်စော၏ ()ဧကရှိ ရော်ဘာစိုက်ခင်းအား စိုက်ပျိုးထားမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှု့ စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး နောက် တောင်သူများမှ တစ်သျှူးဌက်ပျောဖာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့ထံ ဒေသထွက်လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)