နမ့်ခမ်း အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် အထွေထွေလူနာများ လိုအပ်သည့် အောက်ဆီဂျင်ကို ပြည်သူ့ ဆေးရုံဝန်းအတွင်းတွင် အလှူရှင်များက ဆောက်လုပ်လှူဒါန်းသည့် အောက်ဆီ ဂျင်စက်ရုံမှ လုံလောက်စွာ ဖြည့်သွင်းပေးနိုင်ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် အတည်ပြုလူများနှင့် အထွေထွေလူနာများ လိုအပ်လျှက် ရှိသည့် အောက်ဆီဂျင်ကို လွယ်ကူစွာ ရရှိနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ နမ့်ခမ်းဇာတိဖွား မန္တလေးမြို့တွင် နေထိုင်သည့် အလှူရှင် ဦးမြင့်ရှိ၊ ဦးသိန်းမြင့်နှင့် ဦးစံတင် မိသားစုများက မတည်ကာ မြို့ပေါ်ရှိ အလှူရှင်ပြည်သူများ ကပေါင်းစပ်ညှိနှိုင်းပြီး နမ့်ခမ်းမြို့ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံဝန်းတွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လှူဒါန်းခဲ့ရာ စက်တင်ဘာလ(၂၀)ရက်နေ့မှ စတင်လည်ပတ် နိုင်ခဲ့ကြောင်းသိရသည်။
ယခင်တွင် နမ့်ခမ်းမြို့ရှိ အတည်ပြုလူနာများ လိုအပ်သည့်အောက်ဆီဂျင်ကို နမ့်ခမ်းမြို့မှ (၁၅)မိုင်ခန့်ဝေးသည့် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာရှိ အောက်ဆီဂျင်စက်ရုံသို့ တစ်နေ့လျှင် (၂)ကြိမ် သွားရောက်သယ်ယူဖြည့်သွင်းနေရပြီး လူနာများ လိုအပ်သည့် အောက်ဆီဂျင် ပြတ်လပ် မှု ကြုံတွေ့ခဲ့ရကြောင်းနှင့် ယခုတွင် ဆေးရုံဝန်းအတွင်းမှ အလှူရှင်များက ဆောက်လုပ်လှူဒါန်း သည့် အောက်ဆီဂျင်စက်ရုံ ကျေးဇူးကြောင့် အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် O2 Cylinder (40L)အိုး (၁၂၀)အိုးနှင့် (၁၃၀)အိုးခန့် နေ့စဉ် ဖြည့်သွင်းနိုင်ပြီး ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသနေသည့် အတည်ပြုလူနာများနှင့် အထွေထွေလူနာများ လိုအပ်သည့် အောက်ဆီဂျင်ကို လွယ်ကူလုံလောက်စွာ ဖြည့်သွင်းပေးနိုင်ကြောင်း အောက်ဆီဂျင် စက်ရုံတာဝန်ခံ ဦးသန်းစိုးအောင်ထံမှ သိရသည်။
အောက်ဆီဂျင်စက်ရုံမှ ဖြည့်သွင်းပေးသည့် အောက်ဆီဂျင်ကို ပြည်သူ့ဆေးရုံရှိ လူနာများ သာမက မြို့ပေါ်နေအိမ်တချို့ရှိ အောက်ဆီဂျင်လိုအပ်သည့် လူနာများ၊ ကျေးရွာများရှိ တိုက်နယ် ဆေးရုံမှ လိုအပ်သည့်အောက်ဆီဂျင်ကို ဖြည့်သွင်းပေး နိုင်ခဲ့ပြီး အခက်အခဲရှိပြီး နီးစပ်သည့် မြို့နယ်များတွင်လည်း ကျန်းမာရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို လွယ်ကူစွာ ဖြည့်သွင်းပေးနိုင်ကြောင်းသိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)