ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

 

 

မိုးမိတ်   အောက်တိုဘာ ၁၅

မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂) နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး နှင့်  တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြအပ်ပါသည်-                                                    

မေး။   မင်္ဂလာပါ ဆရာကြီးရှင့်။ ဆရာကြီးရဲ့အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို ပြောပေးပါဦးရှင့်။

ဖြေ။    ဟုတ်ကဲ့ပါ။ ကျွန်တော့်အမည်က ဦးရဲထွဋ်ပါ၊ မြို့နယ်ပညာရေးမှူး တာဝန်ထမ်းဆောင် နေပါတယ်။

မေး။   အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နှင့် အသက် (၁၂) နှစ်အထက်  ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို သိချင်ပါတယ်ရှင့်။

ဖြေ။    ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေကိုအသိပေးပါတယ်။ အသက်(၁၂)နှစ်အထက်ကို အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ မူလွန်ကျောင်းဆိုပြီးခွဲထားပါတယ်။ ကျောင်းတစ်ကျောင်းချင်းစီရဲ့ကလေးအမည်စာရင်းတွေကို ပထမဦးဆုံးတောင်းခံပြီး ပုံစံနှင့်တကွစာရင်းပြုစုထားမှာဖြစ်ပါတယ်။

မေး။   မိုးမိတ်မြို့နယ်တွင်ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် (၁၂) နှစ်နှင့် အထက်  ကျောင်းသား၊ ကျောင်းသူ ဦးရေ ဘယ်လောက်ရှိပါသလဲရှင်။

ဖြေ။    ဟုက်ကဲ့ပါကျောင်းသား၊ကျောင်းသူအားလုံးပေါင်း  ကျောင်းသား(၈၁၃)ဦး ကျောင်းသူ (၉၈၄)ဦး စုစုပေါင်း (၁၇၉၇)ဦး ရှိပါတယ်။

မေး။   အခုလိုကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး ရာမှာ အဆင်ပြေစေဖို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို ပြောပြပေးပါဦးရှင့်။

ဖြေ။    မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စတဲ့ တာဝန်ရှိသူဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေ စေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။   ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်အလိုက် ကာကွယ်ဆေးထိုးဖို့နဲ့ အသိပေး ဆောင်ရွက်မှုအခြေအနေကို ပြောပြပေးပါဦးရှင့်။

ဖြေ။    ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖျဉ်းစုရပ်အနေနဲ့ (၅) ခု စီစဉ်ဖွဲ့စည်းထားပါ တယ်။စုရပ်အနေနဲ့ကတော့ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ညောင်ပင်စောက်)၊ အ.ထ.က (မကျည်းပင်)၊ အ.ထ.က (သစ်ဆိမ်းကုန်း) ဆိုပြီး စုရပ်(၅) နေရာ အဖွဲ့ခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသိပေးဆောင်ရွက်ချက်အနေဖြင့် ကျောင်းသားမိဘ များကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးမည့်အကြောင်းအသိပေးပြီး ကာကွယ်ဆေးထိုးရန် ခွင့်ပြုပါကြောင်း ဝန်ခံကတိစာရွက်များ ဖြန့်ဝေထားရှိပါတယ်။အဆိုပါဝန်ခံကတိတွင် အချက်(၁၂)ချက်ပါရှိပြီး ကျောင်းများနှင့် လူစည်ကားရာနေရာများတွင် ဗွီနိုင်းများ ကပ်၍ ကြေညာထားရှိပါတယ်။

မေး။   အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆောင်ရွက်ထားမှု အခြေအနေကို ပြောပြပေးပါဦးရှင့်။

ဖြေ။    မြို့နယ်အဆင့် ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်း တွင်း၊ ကျောင်းပြင်သန့်ရှင်းရေး၊ အလှသစ်ပင် ၊ ပန်းပင်များစိုက်ပျိုးခြင်း စတာတွေ တစ်ကျောင်းချင်း အလိုက်ဆောင်ရွက်ထားပါတယ်။ ကိုဗစ်စင်တာဖွင့်ခဲ့တဲ့ကျောင်းတွေမှာ ပိုးသတ် ဆေးဖြန်းခြင်းကို ဆောင်ရွက်ထားရှိပါတယ်။

မေး။   ဆရာကြီးအနေနဲ့ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောပေးပါဦးရှင့်။

ဖြေ။    အသက် (၁၂) နှစ်အထက်  အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားပြီးရင် ယခင့် ယခင်နှစ်တွေတုန်းကလိုပဲ ကျောင်းကိုပျော်ပျော်ရွှင်ရွှင်လာရောက်ပြီး ပညာသင်ကြားနိုင်မယ်၊ မိဘတွေကလည်း လုံခြုံစွာကျောင်းကို ပို့ဆောင်နိုင်လို့ ကျောင်းသား၊ကျောင်းသူတွေရဲ့ အနာဂါတ် တွေ ဟာလဲလှပဝေဆာနေမယ်ဆိုတာယုံကြည်ပါတယ်။

အသက် (၁၂) နှစ်အထက်ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်အပေါ် ကျောင်းသားမိဘတစ်ဦးနှင့် တွေ့ဆုံ မေးမြန်းချက်များ အား ဖော်ပြအပ်ပါသည်-   

မေး။   မင်္ဂလာပါရှင့်။ အစ်ကိုရဲ့ အမည်နဲ့ နေရပ်လိပ်စာကို မိတ်ဆက်ပြောပေးပါဦးရှင့်။

ဖြေ။    ဟုတ်ကဲ့ပါ။ ကျွန်တော့်အမည်က ဦးစိုင်းသီဟပါ၊ မြောက်ပိုင်းရပ်ကွက်မှာ နေပါတယ်။

မေး။   အသက် (၁၂) နှစ်အထက်  အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်း သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်အပေါ်   မိဘအုပ်ထိန်းသူ အနေနဲ့ သဘောထားအမြင်ကို ပြောပေးပါဦးရှင့်။

ဖြေ။    ယခင်ကျွန်တော်တို့နားလည်ထားတာက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၁၈) နှစ်အထက် ထိုးပေးတယ်လို့ သိထားပါတယ်။ သို့သော်လည်း အခုလက်ရှိအခြေအနေမှာ နိုင်ငံတကာမှာရော၊ အိမ်နီးချင်းနိုင်ငံတွေမှာပါ ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး နေပြီလို့ လေ့လာသိရှိရပါတယ်။ မိမိမြို့နယ်တွင်လည်း အသက် (၁၂) နှစ်      အထက် ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးမည့်အစီအစဉ်ကို သိရှိရလို့ ဝမ်းသာလက်ခံကြိုဆိုပါတယ်။

မေး။   မိဘအုပ်ထိန်းသူတွေကို ကျောင်းသားလူငယ်များကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးဖို့နဲ့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းစကားလေး ပြောပေးပါဦးရှင့်။

ဖြေ။    ကျွန်တော်အနေနဲ့ ကျောင်းသား၊ ကျောင်းသူမိဘအုပ်ထိန်းသူတွေကိုလည်း မေတ္တာရပ် ခံချင်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့သားသမီးများကို နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတဲ့ အစီအစဉ် ကို ဆောင်ရွက်တဲ့အနေအထားမှာ မိမိတို့မိသားစု နှင့် မိမိတို့ပတ်ဝန်းကျင်ကို ကျန်းမာရေးအသိ၊သတိရှိရှိနဲ့ ရောဂါကာကွယ်နိုင်မှာ ဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။

မေး။   အခြားဖြည့်စွက်ပြောကြားစရာများရှိရင် ပြောကြားပေးပါဦးရှင့်။

ဖြေ။    ကျောင်းနေအရွယ်ကလေးတိုင်း လွတ်လပ်ပျော်ရွှင်စွာပညာ သင်ကြားနိုင်ဖို့ အတွက် နိုင်ငံတော်အနေနဲ့ အသက်(၁၂) နှစ်အထက် ကလေးတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး ပေးမယ်ဆိုတော့ ကျောင်းသား မိဘတစ်ဦီး အနေနဲ့ ဝမ်းသာလက်ခံကြိုဆိုပါတယ်ဟု ပြောကြားချင်ပါတယ် ခင်ဗျား ။

စည်သူဌေး