မိတ္ထီလာမြို့နယ်တွင် စားသုံးဆီတစ်ပိဿာ ငွေကျပ် ၃၉၀၀ ဖြင့် ရောင်းချ

မိတ္ထီလာ အောက်တိုဘာ ၁၅

မိတ္ထီလာမြို့နယ်တွင် စားသုံးသူများ စားသုံးဆီ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် စားသုံးဆီတစ်ပိဿာ ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးသူများ စားသုံးဆီ စျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် ဆီတစ်ပိဿာကို ငွေကျပ် ၃၉၀၀ နှုန်းဖြင့် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရောင်းချသွားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရွှေပြည်စိုးဆီစက်နှင့် ဆီရောင်းဝယ်ရေးမှ မိတ္ထီလာမြို့နယ်အတွင်းရှိ စားသုံးသူများ အဆင်ပြေစေရေး စားသုံးဆီ တစ်ပိဿာငွေကျပ် ၃၉၀၀ နှုန်းဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ လူတစ်ဦး လျှင် တစ်ပိဿာနှုန်းဖြင့်  ၃ ရက် တိုင်တိုင် မိတ္ထီလာစျေးကြီး အတွင်းတွင် ရောင်းချပေးလျက် ရှိကြောင်း ရွှေပြည်စိုး ဆီစက်နှင့် ဆီရောင်း ဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စျေးကွက်အတွင်း စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၄၇၀၀ ထိရှိရာ ယခုလို  စားသုံးဆီ တစ်ပိဿာ ငွေကျပ် ၃၉၀၀ နှုန်းဖြင့် မိတ္ထီလာ စျေးကြီးအတွင်းတွင် ရောင်းချပေးခြင်းဖြင့် မြို့ပေါ်ရှိ ဒေသခံပြည် သူများသာမက ကျေးလက်နေ ပြည်သူများပါ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန်အတွက် ရောင်းချပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)