ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းဖြတ်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ဖိမြို့ဖများနှင့် တွေ့ဆုံ

မိုင်းဖြတ်    အောက်တိုဘာ   ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ များသည် ယမန်နေ့ နံနက် (၉) နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို အသက် (၁၂) နှစ်ပြည့် ကျောင်းသားကျောင်းသူများအား ဆေးထိုးနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ ဆေးထိုးပြီးပါက  ဆေးအာနိသင်သည် ခဏသာဖျားနာ၍ မစိုးရိမ်ကြရန် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် မိဘများက ဆေးထိုးနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးသင့် ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ကျန်းမာရေး ကဏ္ဍများကို ဆောင်ရွက်ပေးကြရန်၊ စာသင်ကျောင်းဆောင်များ ဆွေးမြေ့အဟောင်းများရှိပါက ဖျက်စီးမည်ဆိုက မိမိတို့ အစိုးရ အဖွဲ့ကို တင်ပြလာရန်နှင့် မြို့သာယာလှပရေးအတွက် သစ်ကိုင်းသစ်ခက်များ၊ ရေနုတ်​မြောင်းများကို သန့်ရှင်း ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်ဖြစ်ပွားမှုမှာ ဖျားနာခြင်း၊ အနံ့အရသာ ပျောက်ခြင်းများ ခံစားရပြီး စတုတ္ထလှိုင်းတွင် ဖျားနာခြင်း၊ အနံ့အရသာပျောက်ခြင်းများ မရှိဘဲ အသက်ကို ထိခိုက်စေနိုင် သောကြောင့် ကိုဗစ်- ၁၉ ရောဂါပိုး စတုတ္ထလှိုင်းဝင် မရောက်လာခင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ ကြိုတင် ကာကွယ် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းဖြတ် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်၍လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တက်ရောက်လာကြသည့်ဌာနဆိုင်ရာ များ၊ မြို့မိ၊ မြို့ဖများက ဒေသလိုအပ်ချက်များ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တင်ပြဆွေးနွေးချက်အပေါ် ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ရှိ နမ့်လွေချောင်းပေါ်တွင် တည်ဆောက်ထားသော မိုင်းယုကျင်းရဲ တံတားအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မိုင်းယုမြို့နယ်အုပ်ချုပ်ရေးမှူးမှ တံတားနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တောင်သူဦးကြီးကွေ့ စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျော စိုက်ခင်းနှင့် တောင်သူဦးကြီးစော စိုက်ပျိုးထားသည့် ရော်ဘာစိုက်ခင်း အား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တစ်သျှူးငှက်ပျောကို (၃)နှစ်သက်တမ်းရှိ တစ်ဧကအပင် ဦးရေ(၁၀၇၃)ပင်နှင့် တစ်ဧက အထွက်နှုန်း (၉၉၀) ခိုင်ထွက်ရှိကြောင်း၊ ရော်ဘာပင်တွင်လည်း အပင်သက်တမ်း(၁၁)နှစ်ရှိပြီး တစ်ဧက အထွက်နှုန်း (၃၆၄၀)ပေါင် ရှိကြောင်းသိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွ က်လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေး ကြရန် ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌအား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းနှင့် ရောဂါ ကာကွယ်ရေး ပစ္စည်းများပေးအပ်၍လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ မင်းသိန်းတို့ထံ ထောက်ပံ့ပေးအပ်ပြီး မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမြတ်သူမှ ဒေသဆိုင်ရာ လုပ်ငန်းများ တင်ပြကာ တက်ရောက်လာသည့် မြို့မိ၊မြို့ဖများ ကဒေသ လိုအပ်ချက်များ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တင်ပြ ဆွေးနွေးချက်အပေါ် ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ် စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)