တပ်ကုန်း အောက်တိုဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်းအတွင်း၌ (A)အဆင့်ရှိ အားကစားရုံတည်ဆောက်နေမှုအား နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးသက်၊ဥတ္တရခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှသန္တာ၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစား ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးခဲ့ရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက (A)အဆင့်ရှိ အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ၊ အားကစားရုံတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် တည်ဆောက်သွားရန်နှင့် Ground Tennis အားကစားကွင်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်၊ ပြည်သူ့အားကစားကွင်းအား အဆင့်မီ အားကစားကွင်းဖြစ်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ(A)အဆင့်ရှိ အားကစားရုံတည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ တိုက်ကွမ်ဒိုနှင့် စသည့်အားကစားနည်းများကို လေ့ကျင့်ရေးနှင့်ပြိုင်ပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်