ဟိုပန် အောက်တိုဘာ ၁၄
ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးညီနပ်က ဟိုပန်မြို့နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရန်နှင့် လျော့နည်းပပျောက်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့အဝင်ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင်လည်း ဝင်/ထွက်သွားလာနေမှုများအား စစ်ဆေးခြင်းနှင့် စာရင်းပြုစု ကောက်ယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ရန်၊ ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက် ဖမ်းဆီးခြင်းလုပ်ငန်းများ ကိုလည်း အပတ်စဉ်ပုံမှန် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်အသီးသီးမှ ၎င်းတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)