မိုင်းနောင် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကိစ္စ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန စည်းကမ်းချက်များနှင့်အညီ နံနက်(၉)နာရီအချိန် ကမြတ်ပညာခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းမှ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ် (၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်စစ်ဦးစီး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဇော်ညိုမင်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးရှင်းလင်းခြင်း၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးမိုးကျော်သူက ကာကွယ်ဆေးထိုးနှံရေးကိစ္စများ အဆင်ပြေအောင်မြင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးဇော်ညိုမင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ကျောင်းအကျိုးတော် ဆောင် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အထကကျောင်း၊ အလကကျောင်းများ မှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)