မာန်အောင် အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံဝင်းနှင့် တစ်စပ်တည်းမြေနေရာတွင် မာန်အောင်မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ပြီး စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့သော အောက်ဆီဂျင်စက်ရုံတွင် စက်များတပ်ဆင်ပြီးစီးခဲ့ပြီး ယနေ့နံနက် ၈နာရီခွဲ က အောက်ဆီဂျင် စတင်စမ်းသပ်ထုတ်လုပ် လျက်ရှိရာ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင်များက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံသည် တစ်နေ့လျှင် အောက်ဆီဂျင်၄၀လီတာအိုး ၄၀လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး မာန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်လိုအပ်လျက်ရှိသော လူနာများသာမက မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများတွင် အောက်ဆီဂျင်လိုအပ်နေသော လူနာများကိုပါ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မာန်အောင်မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြထံမှ သိရသည်။
သိန်းဖေ