ဘူးသီးတောင် အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူ(၁၇၅)ဦးတို့အား ဒုတိယအကြိမ်(ဒုတိယအသုတ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုအမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့၌ စုရပ်ထားရှိကာ ယနေ့နံနက်(၉)နာရီအချိန်က စတင်ထိုးနှံလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးရန် လာရောက်သည့် အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စု အကျုံးဝင်သည့် ပြည်သူများအား စာရင်းများပြုစုခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး၊ ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံနေမှုများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)