ကျောက်မဲ အောက်တိုဘာ ၁၄
မေး။ ဆရာမကြီး အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို မိတ်ဆက်ပေးပါဦးရှင့်။
ဖြေ။ ဒေါ်ခင်ဌေးဖြစ်ပါတယ်။မြို့နယ်ပညာရေးမှူး တာဝန်ထမ်းဆောင်နေပါတယ်။
မေး။ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ရည်ရွယ်ချက် ၃ ချက်ရှိပါတယ်။ အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား/သူများ၏ ပညာသင်ယူခွင့် အခွင့်အလမ်းရရှိလာစေရန်၊ အခြေခံပညာအဆင့် ကျောင်းသား/သူများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံးမှုကို လျှော့ချရန်၊ ကျောင်းသား/သူ များမှ တဆင့် မိသားစုပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်တို့ပဲ ဖြစ်ပါတယ်ရှင်။
မေး။ နိုင်ငံတော်ရဲ့အစီအစဉ်အရ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နဲ့ပတ်သက်ပြီး ဆရာကြီးတို့ရဲ့ ဆောင်ရွက် ထားရှိမှုကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်အကြား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း ကျောင်းသားစာရင်းများပြုစုပြီး ဆေးထိုးစုရပ် အသီးသီးမှာ ကိုဗစ် စည်းကမ်းချက်များနဲ့အညီ စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အလိုက် ကျောင်းအလိုက် စီမံချက်များရေးဆွဲ ဆောင်ရွက်ထားရှိပါတယ်။ ယခုလိုဆောင်ရွက်ရာမှာ ပညာရေးဌာနနဲ့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပြည်သူ့ကျန်းမာရေးဌာန၊ ပရဟိတအဖွဲ့များနဲ့ ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ရပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ရန်အတွက် စာရင်းကောက်ယူထားရှိမှု အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူဦးရေကို သိပါရစေရှင့်။
ဖြေ။ အထက်တန်းအဆင့် ကျောင်း/သူပေါင်း ၃၈၀ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၅၅၇ ဦး ၊ အထက်တန်း၊ အလယ်တန်း စုစုပေါင်း ၁၉၃၇ ရှိပါတယ်ရှင်။
မေး။ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံပေးတဲ့ ရက်မှာ လာရောက်ဖို့ရာအတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက် ထားပါသလဲရှင့်။
ဖြေ။ ဆေးထိုးမဲ့ကျောင်းသားမိဘများရဲ့ သဘောတူညီချက်ကို ကြိုတင်ရယူထားပြီး ဆေးထိုးစုရပ် အသီးသီးမှာ ဗီနိုင်း ပိုစတာများ၊ အသိပညာပေး ဆိုင်းဘုတ်များနဲ့ ကျောင်းရှေ့ဝဂ်ပေါက်မှာ ကြော်ငြာသင်ပုန်းများနဲ့ ဆောင်ရွက်ထားရှိဖို့ သက်ဆိုင်ရာကျောင်းအသီးသီးကို ညွှန်ကြားပြီး ဖြစ်ပါတယ်ရှင့်။
မေး။ ဆရာကြီးအနေနဲ့ ကျောင်းသား/ကျောင်းသူမိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံနိုင်ရေး ဘယ်လိုများ တိုက်တွန်းပြောကြားချင်ပါသလဲရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချ နိုင်မှာဖြစ်သလို ရောဂါကူးစက်ပြန့်ပွားမှုကို ဟန့်တားထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ဖို့ မပျက်မကွက် လာရောက်ဆေးထိုးဖို့ တိုက်တွန်းလိုပါတယ်ရှင့် ။
မေး။ ကျောင်းသား/ကျောင်းသူမိဘများနှင့် ကျောင်းသား/ကျောင်းသူများ သိရှိဖို့ရာအတွက် ကာကွယ်ဆေးထိုးနှံခြင်းမပြုရန် ဂရုပြုရမည့် အချက်များကိုလည်း ပြောကြားပေးပါဦးရှင့်
ဖြေ။ ၂ ပိုင်း ရှိပါတယ်ရှင် ။ ပထမ ပိုင်းကတော့ ကာကွယ်ဆေး ထိုးနှံခြင်းမပြုရမယ့် ကျောင်းသား/သူများဖြစ်ပြီး အသက် ၁၂ နှစ် မပြည့်သေးသူများ၊ Sinovac ကာကွယ်ဆေး သို့မဟုတ် ကာကွယ်ဆေးမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတစ်ခုခုနဲ့ ဓါတ်မတည့်သူများ ဖြစ်ပါတယ်ရှင်။ ဒုတိယပိုင်းအနေနဲ့ ယာယီ ဆေးထိုးခြင်းမပြုရမည့် ကျောင်းသား/သူများဖြစ်ပြီး လတ်တလော ဖျားနာနေတဲ့ ကျောင်းသား/သူများ ၊ ဆီးချိုရောဂါ ၊ အတက်ရောဂါ ၊ ဦးနှောက် အာရုံကြော ရောဂါတစ်ခုခုရှိသူများနှင့် မိသားစုဝင်များမှာ ဖေါ်ပြပါရောဂါရှိသည့် ကျောင်းသား/သူများ၊ သွေးဥမွှား လျှော့နည်းသူမျနဲ့ သွေးမတိတ်သည့် ရောဂါရှိသူများ၊ ခန္ဓာကိုယ် ခုခံအားစနစ် အားနည်းနေသူများ ဥပမာ - ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ AIDS ရောဂါတို့ပဲ ဖြစ်ပါတယ်ရှင်။
မေး။ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံလေးကိုလည်း ပြောပေးပါဦးရှင့်။
ဖြေ။ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေပိတ်ထားချိန်မှာ အခုလို ကာကွယ်ဆေးထိုးပေးပြီး ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်မယ်ဆိုလျှင် ရောဂါပိုးကူးစက်မှု အတွက် ကြောက်ရွံ့နေမှုကို ဖြေလျော့နိုင်ပြီး စိတ်အေးချမ်းသာစွာ ပညာဆက်လက် သင်ယူခွင့် ရမယ့် အနေအထား ရောက်ရှိလာတော့မှာမို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်ရှင်။
နှင်းရည် (ပြန်/ဆက်)