ကျောက်ဆည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဇလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ်(၃၆၅/၇)နှင့်(၃၆၆)ကြားတွင် ဂတ်စ်ငွေ့သယ်ဆောင်လာသည့် FUSO အမျိုးအစား (၂၂)ဘီးကားတစ်စီး ယနေ့နံနက်(၈)နာရီခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယာဉ်တိမ်းမှောက်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှယာယီရဲမှူးမြင့်စိုး၊ အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးကောင်းမြတ်သူ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့်တာဝန်ရှိသူများက မီးသတ်ယာဉ်(၃)စီးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်း ဦးဝင်းနိုင်တွင် ဝဲဘက်ပေါင်နှင့်ခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ ယာဉ်နောက်လိုက် ဝေဇင်ထွန်းတွင် ယာဘက်လက်မောင်းပေါက်ပြဲဒဏ်ရာများ ရရှိကြောင်း သိရှိရသည်။
အဆိုပါဂတ်စ်ငွေ့သယ်ဆောင်လာသည့်ယာဉ်သည် ရန်ကုန်သီလဝါဆိပ်ကမ်းရှိ အီလိုက်ကုမ္ပဏီမှ ဂတ်စ်ငွေ့များကို မန္တလေးမြို့(EFF) ကုမ္ပဏီသို့ သယ်ယူလာစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးဝင်းနိုင်အား မင်းစုနယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)