အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် တွေ့ဆုံမေးမြန်း

တာချီလိတ်ခရိုင်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်

တာချီလိတ်  အောက်တိုဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ အခြေခံပညာအထက်တန်းကျောင်းများရှိ အသက်(၁၂) နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြပေးလိုက်ရပါသည်-

မေး။   တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးရန် အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရ စေရှင့်-

ဖြေ။    ကျွန်တော်တို့ခရိုင်မှာ တာချီလိတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် ရယ်ဆိုပြီး သုံးမြို့နယ်ရှိပါတယ်၊ ကျွန်တော်တို့ တာချီလိတ်ခရိုင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူလူထုအများအပြားကို ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒုတိယ အဆင့် အနေနဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်မှာဖြစ်တဲ့အတွက်  အထက်တန်းနှင့် အလယ်တန်းအဆင့် အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနိုင်ဖို့ နိုင်ငံတော်ရဲ့ အစီအစဉ်အရ စီမံပြီးတော့ စနစ်တကျ ဆောင်ရွက်ထားရှိပါတယ်၊ မြို့နယ်တိုင်းမှာ စီမံချက်တွေ ရေးဆွဲပြီးဆောင်ရွက်ထားပါတယ်၊ ဆေးထိုးဖို့အဖွဲ့တွေကိုလည်း စတင်စုဖွဲ့ ရပါတယ်၊ စုဖွဲ့ရမည့်အဖွဲ့တွေက ညွှန်ကြားချက်ထဲမှာ ပါပြီးဖြစ်တဲ့အတိုင်း စီမံဖွဲ့စည်းထား ပါတယ်၊ ဒါကြောင့် ခုအနေနဲ့ဆို ဆေးထိုးအဖွဲ့တွေက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင် တယ်၊ ကျန်းမာရေး၊ ပညာရေး စေတနာရှင်လူမှုကူညီရေး အသင်းတွေ အကုန်ပါတဲ့ ကြီးကြပ်ရေး အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများရဲ့ ကျောင်းသားစာရင်းတွေကိုလည်း ကျောင်းအုပ်ကြီးရယ်၊ ဆရာ/မများရယ်၊ ကျောင်းသား မိဘများနဲ့ အကုန်လုံးညိှနှိုင်းပြီး စာရင်းဇယားတွေ ကြိုတင်ကောက်ယူထားပြီးဖြစ်ပါတယ်၊ ဆေးရောက်ပြီ ဆိုရင်စတင်ပြီး ထိုးနှံအောင် အားလုံးက စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်၍ အဆင်သင့်ဖြစ်နေပါပြီခင်ဗျာ့။

မေး။   တာချီလိတ်ခရိုင်မှာ  အသက်(၁၂)နှစ်အထက်  ကာကွယ်ဆေးထိုးနှံပေးရမည့်  ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ဘယ်နှစ်ဦးလောက် ရှိပါသလဲ သိပါရစေရှင့်။

ဖြေ။    တာချီလိတ်မြို့နယ်မှာဆိုရင် အထက်တန်းကျောင်းသားဦးရေ(၃၀၇)ဦး၊ အလယ်တန်း ကျောင်းသားဦးရေ(၁၈၂၆)ဦး စုစုပေါင်း(၂၁၃၃)ဦးရှိပါတယ်၊ မိုင်းဖြတ်မြို့နယ်မှာဆိုရင် အထက်တန်းကျောင်းသားဦးရေက(၇၅၂)ဦး၊ အလယ်တန်း ကျောင်းသားဦးရေ(၄၂၂)ဦး စုစုပေါင်း(၁၁၇၄)ဦးရှိပါတယ်၊  မိုင်းယောင်းမြို့နယ်မှာဆိုရင် အထက်တန်းကျောင်းသားဦးရေ က(၁၇၅)ဦး၊ အလယ်တန်းကျောင်းသားဦးရေ(၁၀၁၇)ဦး၊ စုစုပေါင်း(၁၁၉၂)ဦး ရှိပါတယ်၊ တစ်ခရိုင်လုံးပေါင်းလိုက်ရင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ ဦးရေစုစုပေါင်း(၄၄၉၉)ဦး ရှိပါတယ်ခင်ဗျာ။

 

မေး။   ဟုတ်ကဲ့ပါရှင့်- ဆေးထိုးစုရပ်နေရာတွေ စီစဉ်ဆောင်ရွက်ထားမှုကိုလည်း သိပါရစေရှင့်

ဖြေ။    ကျွန်တော်တို့ ဒီတာချီလိတ်မြို့နယ်မှာ အခြေခံပညာကျောင်း အထက်တန်း၊ အလယ်တန်း ဆေးထိုးမည့်   နေရာစုရပ်(၈) နေရာ၊ မိုင်းဖြတ်မှာစုရပ်(၁၄)နေရာ၊ မိုင်းယောင်းမှာ စုရပ်(၈)နေရာ စုစုပေါင်းနေရာ(၃၀)မှာ ဆေးထိုးစုရပ်တွေ ဆောင်ရွက် ထားပါတယ်၊ ဆေးထိုး နေရာအများစုက စာသင်ကျောင်းတွေမှာဖြစ်ပါတယ်၊ ကျောင်းသား/သူတွေကို ရပ်ကွက်ထဲမှာ စုစည်းမယ့်အစား စာသင်ကျောင်းထဲမှာစုစည်းလို့ရှိရင် နေရာအကျယ်အဝန်း၊ သန့်ရှင်းသပ်ရပ်မှု အနေအထားရယ်၊ ကျန်းမာရေးအနေအထားအရကော အားလုံးအဆင်ပြေပါတယ်၊ အဲဒါကြောင့် ဆေးထိုးစုရပ်အများဆုံးကို ကိုယ့်ကျောင်းနဲ့ကို စုစည်းထားတာဖြစ်တဲ့အတွက် အဆင်ပြေအောင် ဆောင်ရွက်ထားပြီးဖြစ်ပါတယ် ခင်ဗျာ။

 

မေး။   အကယ်၍ ကျောင်းသား/သူများကာကွယ်ဆေးထိုးနှံရာမှာ အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဘယ်လိုများ စီမံဆောင်ရွက် ထားပါသလဲရှင့်။

ဖြေ။    ဟုတ်ကဲ့၊ ကျွန်တော်တို့ ကျောင်းသားကျောင်းသူများကို ဆေးထိုးမယ်ဆိုရင် ဆေးထိုးစုရပ်တွေမှာ ဆေးထိုးမည့်အဖွဲ့တွေကို စုဖွဲ့ထားရပါတယ်၊ စုဖွဲ့တဲ့အချိန်ကတည်းက ဆေးထိုးစုဖွဲ့ အဖွဲ့ခေါင်းဆောင်က ဆရာဝန်တွေ ကျန်းမာရေးမှူးတွေ ဖြစ်ပါတယ်၊ တစ်ချို့ နေရာမှာ တပ်မတော်သားဆေးမှူးတွေကို အကူအညီတောင်းခံပြီးတော့ ဆေးထိုးတဲ့ ခေါင်းဆောင်အဖြစ် စီမံဖွဲ့စည်းထားပါတယ်၊ ဆေးထိုးတာတို့ ဆေးပြင်တာတို့က သူနာပြုတွေ ဖြစ်ပါတယ်၊ ကျန်းမာရေ:ဝန်ထမ်းတွေ ဦးဆောင်ပြီး ပါဝင်တာဖြစ်ပါတယ်၊ နောက်တစ်ခါ လုပ်အားပေးမယ့် စေတနာရှင် လူမှုကူညီရေးအသင်း Volunteer အဖွဲ့တွေပါဝင်ပြီးတော့ စုဖွဲ့ထားပါတယ်၊ ဆေးထိုးအဖွဲ့တိုင်းမှာ ဆေးထိုးနှံပေးသူပါမယ်၊ ဆေးပြင်ပေးသူပါမယ်၊ ကျန်းမာရေးစစ်ဆေးပေးသူ၊ စာရင်းရေးသွင်းသူ၊ ကြိုဆိုနေရာချထားပေးသူပါမယ်၊ ကျောင်းရဲ့ တာဝန်ခံပါမယ်၊ ပညာရေးကိုယ်စားလှယ်တစ်ဦးပါမယ်၊ အဲဒီလူတွေဟာ ဆေးထိုးအဖွဲ့တိုင်းမှာ စုဖွဲ့ပြီးပါဝင်မှာဖြစ်ပါတယ်၊  အဲကြောင့် ကျန်းမာရေးကိစ္စတွေ ဖြစ်လာရင် ဆေးမထိုးခင်အချိန် ကျန်းမာရေးစစ်မယ်၊ ဆေးထိုးပြီး ခေတ္တနားချိန်မှာ ထူးခြားမှုရှိရင် လည်းစစ်ဆေးကြည့်ရှု့မယ်၊ အဲဒါတွေအပြင် မြို့တိုင်းမှာ အရေးပေါ်အခြေအနေဖြစ်လာရင် အသုံးပြုနိုင်အောင် လူနာတင် ယာဉ်တွေ ပြင်ဆင်ထားပြီး ဆေးရုံကို ချက်ချင်းပို့နိုင်အောင် ဆေးထိုးစုရပ်တွေမှာ အဆင်သင့်ပြင်ဆင်ဆောင်ရွက် ထားရှိမှာ ဖြစ်ပါတယ် ခင်ဗျာ။

မေး။   ခရိုင်အုပ်ချုပ်ရေ:မှူးအနေနဲ့ နိုင်ငံတော်အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အကြံပြုစကားလေးလည်း ပြောကြားပေးပါအုံးရှင့်

ဖြေ။    ကျွန်တော်တို့ တာချီလိတ်ခရိုင်မှာ နယ်စပ်ဒေသဖြစ်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမား တွေများပါတယ်၊ ဒေသခံ တိုင်းရင်းသားတွေလည်း အများအပြားရှိပါတယ်၊ ရောဂါပိုး ကူးစက်မှုတွေ ဖြစ်တဲ့အခါ ကူးစက်မှုတွေက မြင့်မားလာပါတယ်၊ ကျွန်တော်တို့ ခရိုင် ကိုဗစ်ကော်မတီ၊ မြို့နယ်ကိုဗစ်ကော်မတီ ဒါတွေနဲ့ဖိဖိစည်းစည်း ဆောင်ရွက်လိုက်တဲ့အချိန်မှာ တာချီလိတ်က ရောဂါပိုးကျဆင်းသွားပါတယ်၊ အဓိကအရေးကြီးတဲ့ လူအပေါင်းစုများတဲ့ ဈေးဝယ်တဲ့သူကော၊ ဈေးရောင်းတဲ့သူကော နှာခေါင်းတို့ဖတ်နဲ့ စစ်ကြည့်တာတောင် လူ(၂၀၀)ဦးစစ်ရင် တစ်ဦးတစ်ယောက်မျှ မတွေ့တော့ဘူး၊  တစ်နေရာမှာ တစ်ယောက် နှစ်ယောက် ဒီလောက်ပဲရှိပါတယ်၊ ဒါကြောင့် ရောဂါပိုးတွေ့ရှိမှုလျော့ကျတဲ့ အနေအထားတော့ ရှိသွားပါပြီ၊ ဒါပေမဲ့ရောဂါကူးစက်မှု လုံးဝပျောက်သွားတာတော့မဟုတ်ဘူး၊ တကယ်တမ်း ကျန်းမာရေးအသိနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ချမှတ်ပေးထားသည့် SOP အတိုင်း ဆက်လက်ပြီး ဆောင်ရွက်ရအုံးမှာဖြစ်ပါတယ်၊ အဲဒီအချိန်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်တော့ မယ်ဆိုရင် ကျွန်တော်တို့ရဲ့ သားငယ်သမီးငယ် ကျောင်းသား/သူများကို ကာကွယ်ဆေး ထိုးနှံပေးဖို့ အဓိကလိုအပ်ပါတယ်၊  တာချီလိတ်မှာ ရောဂါပိုးတွေ့ရှိမှု ကျဆင်းတဲ့ အဓိက အကြောင်းအရင်းက ပထမအချက် ကာကွယ်ဆေးတွေကို ပြည်သူတော်တော်များများကို ထိုးနှံပေးနိုင်လို့ဖြစ်ပါတယ်၊ ဒုတိယအချက်က ကျွန်တော်တို့ ပြည်သူလူထုတွေက ကျန်းမာရေး ဆိုင်ရာ အသိပညာနဲ့လိုက်နာပြီး နေထိုင်ကြလို့ဖြစ်ပါတယ်၊ နောက်တစ် ချက်က ကျွန်တော်တို့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း အသိပညာပေးမှု၊ ထိန်းသိမ်းကြပ်မတ်မှုတွေက တစ်ချက်၊ ဒါကြောင့်မို့ ဒီရောဂါပိုးကို လက်ရှိတာချီလိတ်မှာ ထိန်းသိမ်းနိုင်တဲ့ အခြေအနေကို ရောက်ရှိ တယ်၊ စာသင်ကျောင်း တွေပြန်ဖွင့်နိုင်ပြီဆိုရင် ကျောင်းသား/သူများရဲ့ ကျန်းမာရေးအခြေအနေ လူအများနဲ့ပူးပေါင်းပြီး စာသင်ရတာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီးချမှတ်ထားတဲ့ SOP တွေ ရှိတယ်၊ အဲဒါတွေကို လိုက်နာဖို့ လိုအပ်ပါတယ်၊ အဲဒါအပြင် ကာကွယ်ဆေးတွေကို တစ်ကြိမ်ကနေနှစ်ကြိမ် သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ထိုးနှံပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သားငယ်၊သမီးငယ် ကျောင်းသား/သူများအားလုံး ကျန်းကျန်းမာမာနဲ့ ကူးစက်ရောဂါ ကင်းစင်ပြီး ပျော်ရွှင် အေးချမ်းစွာ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဘက်ပိုင်းက ဆေးထိုးမည့်အဖွဲ့တွေ စီမံသလိုပဲ ဆေးထိုးတဲ့နေရာတိုင်းမှာလဲ လုံခြုံရေးတွေလည်းဖြည့်စွက်ပြီး ဆောင်ရွက်ထား ပါတယ်၊ ဒါကြောင့် ဆေးထိုးမည့်  အစီအစဉ်မှာ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များကို ကောင်းကောင်းမွန်မွန်နဲ့ စီမံဆောင်ရွက်ထားပြီးဖြစ် ပါတယ်၊ ကျောင်းသားမိဘတွေ ကိုယ်၌ကလည်း မိမိရဲ့ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် အရေးကြီးတယ် ဆိုတာ အဓိကအ​လေးထားရမှာဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများကို မေတ္တာရပ်ခံချင်တာ ကတော့ ကိုယ့်သားငယ်သမီးငယ်တွေကို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကင်းရှင်းဖို့ မိဘတွေ ကိုယ်တိုင်၊ ဆရာ/ဆရာမတွေ၊ ကျွန်တော်တို့ အုပ်ချုပ်ရေ:အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးပါလို့ အကြံပြုနှိုးဆော်တိုက်တွန်းအပ်ပါတယ်၊ ခင်ဗျာ။

တွေ့ဆုံမေးမြန်းသူ-ဇင်ဇင်(ပြန်/ဆက်)

ရိုက်ကူးသူ      -ယာဆေး(ပြန်/ဆက်)