အသက်(၁၂)နှစ်နှင်အထက် ကျောင်းနေအရွယ်ကလေးငယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကျောက်ပန်းတောင်း  အောက်တိုဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးငယ် အားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ကျောက်ပန်းတောင်း မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မော်မော် အား၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က အခုလို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်-

မေး-     -မင်္ဂလာပါဆရာမကြီးရှင့်၊ ဆရာမကြီးအမည်နှင့် တာဝန်လေးကို အရင်ဦးဆုံးမိတ်ဆက်ပေးပါရှင့်။

ဖြေ-     -မင်္ဂလာပါညီမလေးရေ၊ ကျွန်မကတော့ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော် ဖြစ်ပါတယ်ရှင်။

မေး-     -ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ ကူးစက်ပြန့်ပွားမှု လျှော့နည်းကျဆင်းရေးအတွက် တစ်နိုင်ငံလုံး ကာကွယ်ဆေး လွှမ်း ခြုံနိုင်အောင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံပေးမယ်လို့ သိရပါတယ်ရှင့်.. ကျွန်မတို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို သိပါရစေရှင်။

ဖြေ-     -ဟုတ်ကဲ့ပါ။ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကိုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး ဖို့ မြို့နယ်အဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ဆေးထိုးအုပ်စုအဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ကျောင်းအဆင့် လုပ်ငန်း ဆောင်ရွက်မှုကော်မတီဆိုပြီး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ထားရှိပါတယ်.။ ဒီတစ်ပတ်အတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်ရှင်။

မေး-     -ဟုတ်ကဲ့ပါရှင်.. ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်းဘယ်လောက်ရှိသလဲဆိုတာ ရယ်.. ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ပုဂ္ဂလိကကျောင်းအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တစ်ဆက်ထဲ မှာပဲ ဆေးထိုးနှံမဲ့ ကျောင်းသားအရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာလေးကို ရှင်းပြပေးပါဦးရှင့်…။

ဖြေ-     - ကျွန်မတို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း(၂၈၁)ကျောင်းရှိပြီး၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း(၇)ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းပေါင်းက (၁၂)ကျောင်းရှိပါတယ်။ အသက်(၁၂)နှစ် အထက် အခြေခံပညာကျောင်းသား/ကျောင်းသူ စုစုပေါင်း(၅၃၉၃)ဦးကို ဆေးထိုးနှံပေးသွားဖို့ စီစဉ်ထားရှိပြီးဖြစ်ပါတယ်။

မေး-     -အခုလို ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်မဲ့ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း သိပါရစေရှင်။

ဖြေ-     - ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ရာအတွက် ကျွန်မတို့ ပညာရေးဌာနနဲ့အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

မေး-     - ဆေးထိုးစုရပ်အနေနဲ့ ဘယ်နှစ်ခု ခွဲပြီးဆောင်ရွက်ပေးသွားမှာလဲ ဆိုတာရယ်၊ နောက်ပြီး ဆေးထိုးမဲ့ ကျောင်းသား/ကျောင်းသူတွေ သိရှိပြီး လာရောက်ထိုးနှံအောင် ဘယ်လို စီစဉ်ဆောင်ရွက် ထားပါ သလဲရှင့်။

ဖြေ-     - ဆေးထိုးစုရပ်အနေနဲ့ (၁၀)ခု ခွဲထားပါတယ်။ အဲ့ဒီ ဆေးထိုးစုရပ်များကနေပြီးတော့ သက်ဆိုင်ရာ ကျောင်းအုပ်စု တစ်ခုချင်းဆီမှာ သူ့ရဲ့ နီးစပ်တဲ့ ကျောင်းအလိုက်ကို အုပ်စုခေါင်းဆောင်တွေကနေပြီးတော့ သက်ဆိုင်ရာကျောင်းအုပ်တွေ၊ ရပ်ရွာက ရပ်မိရပ်ဖတွေ၊ အကျိုးတော်ဆောင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ကြိုတင်အသိပေးဆောင်ရွက်ထားပါတယ်ရှင်။

မေး-     - ဟုတ်ကဲ့။ ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာ/ဆရာမတွေရော ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပါပြီလားရှင့်။

ဖြေ-     - ဟုတ်ကဲ့ ကျွန်မတို့ ပညာရေးဝန်ထမ်းအားလုံး၊ ဆရာ/ဆရာမအားလုံး ကာကွယ်ဆေး(၂)ကြိမ် အပြည့်အဝ ထိုးနှံပြီး ကြပါပြီရှင်။

မေး-     - အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီဖြစ်အောင် ဘယ်လို စီစဉ်ဆောင်ရွက်ထားရှိသလဲ ဆိုတာလည်း သိပါရစေရှင်။

ဖြေ-     - မကြာခင်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ နောက်တစ်ခု စာသင်ခန်းတွေနဲ့ ကလေးတွေ ကျောင်း တက်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ကျောင်းတက်နိုင်ဖို့ လက်ဆေးဘေစင်တွေ ထားရှိရေး၊ သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်သွားလာနိုင်အောင် ထားရှိရေး အစစ စီစဉ်ဆောင်ရွက်ထားရှိဖို့ သက်ဆိုင် ရာကျောင်းအုပ်ကြီးများကို မှာကြားထားရှိပြီးဖြစ်ပါတယ်ရှင်။

မေး-     - ဒီကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်နဲ့ပတ်သက်လို့ ဆရာမကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တား များရှိပါသလားရှင့်။

ဖြေ-     -Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ အသက်(၃)နှစ်ကနေ (၂၇)နှစ်အထိ ထိုးလို့ရတယ်လို့ သိရပါတယ်။အဲ့ တော့ မူလတန်းကျောင်းသား ကျောင်းသူများရောဒီဆေးထိုးနှံခွင့်ရရှိပြီး ကျောင်းတက်ရမယ်ဆိုရင်၊ ကလေးတွေဟာ ကိုဗစ်-၁၉ အန္တရာယ် ကာကွယ်ပြီးသားလည်းဖြစ်မယ်။ ကိုဗစ်အန္တရာယ်ကင်းစွာ၊ ကျန်းမာစွာနဲ့ ကျောင်းတက်နိုင်မယ်။ ပညာသင် ကြား နိုင်မယ်။ ကလေးတွေဟာ..နိုင်ငံရဲ့ အနာဂတ်တွေပါ။ နိုင်ငံရဲ့အနာဂတ်တွေ ကျန်းမာကြံ့ခိုင်ဖို့ဆိုတာ ကျွန်မတို့ ပညာရေး ဝန်ထမ်းတွေဖြစ်တဲ့ ဆရာ/ဆရမတွေအပြင်၊ကျောင်းသားမိဘတွေ၊အကျိုးတော်ဆောင်တွေနဲ့ ဌာနဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းတွေမှာ အပြည့်အဝ တာဝန်ရှိတယ်လို့မြင်ပါတယ်။ ဒါ့ကြောင့်မိုလို့ ဒီကာကွယ်ဆေးထိုးလုပ်ငန်းကို ဌာနဆိုင်ရာ အသီးသီးရော၊ ကျောင်းသားမိဘတွေရော၊ကျောင်းအကျိုး တော်ဆောင်တွေရော၊ အားလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီလုပ်ငန်းကြီးအောင်မြင်မယ်လို့ ယုံကြည်ပါတယ်ရှင်။

မြင့်ကေခိုင်