မြင်းခြံ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်အောက် ကလေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်ပြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအုပ်စိုးနှင့် မြင်းခြံခရိုင် ပညာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းလှိုင် တို့အား ယခုလို တွေ့ဆုံမေးမြန်းထားပါ သည်။
မြင်းခြံခရိုင် ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအုန်းလှိုင်
မေး ။ ။မြင်းခြံခရိုင်အနေနဲ့ အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်နဲ့အောက် အခြေခံပညာ အထက်တန်းကျောင်းနဲ့ အခြေခံပညာ အလယ်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးဖို့ ပညာရေး ဌာနအနေနဲ့ ကြိုတင်ပြင်ဆင် ထားရှိမှုလေးတွေ သိပါရစေ။
ဖြေ ။ ။ကမ္ဘာ့နိုင်ငံအများစုမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းများပိတ်ထားရပြီး ကလေး တွေရဲ့ ပညာသင်ယူခွင့် ဆုံးရှုံးလျက်ရှိတာကို တွေ့ရှိရပါတယ်။ ကျောင်းများတွင် ပညာသင် ယူခွင့်ရရှိရန်အတွက် ဒေသတွင်းနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ကမ္ဘေဒီးယားနိုင်ငံတို့တွင် အသက် ၁၂ နှစ်နဲ့ အသက် ၁၈ နှစ်အတွင်း ကလေးများကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းကိုလည်း ကျွန်တော်တို့ သိရှိရပါတယ်။ ဒါကြောင့်မိုလို့ မြန်မာနိုင်ငံမှာလည်းဘဲ အသက် ၁၂ နှစ်နဲ့ အသက် ၁၈ နှစ်အတွင်းမှာရှိတဲ့ အလယ် တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ကလေးများရဲ့ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆက်လက်ရရှိစေရန် ဆောင်ရွက်ပေးသွားမှာ ဖြစ် ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်တဲ့ နေရာမှာ ကျောင်းများအမြန်ဖွင့်လှစ်နိုင်ရေးအတွက် မြင်းခြံခရိုင် ပညာရေး နယ်မြေ အားလုံးရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ စီမံချက်ရဲ့ ရည်ရွယ်ချက်ကတော့ (က) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စနစ်တကျ အောင်မြင် စွာ ထိုးနှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရန်၊ (ခ)ကျောင်း များ အမြန်ဖွင့်လှစ် နိုင်ရေးအတွက် အခြေခံပညကျောင်းများ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သတ်မှတ်ထားသော အချိန်တွင် ထိုးနှံသွားနိုင်ရေး စီမံဆောင်ရွက်နိုင်ရန်ဆိုပြီး ရည်ရွယ်ချက်များ ချမှတ်ထားပြီး ဆောင်ရွက်နေပါတယ်။ ရည်ရွယ်ချက်များ အောင်မြင်ဖို့ရာအတွက် မြင်းခြံခရိုင် ပညာရေးဌာန အနေဖြင့် ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးထိုးနှံတဲ့ နေရာမှာ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း များမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်ကြားမှာရှိတဲ့ ကျောင်းသား/သူများကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
မေး ။ ။အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား/သူ ဦးရေ ကိုလည်း သိပါရစေ။
ဖြေ ။ ။မြင်းခြံခရိုင်အနေနဲ့ ကျောင်းသား/သူ ဦးရေ အရေအတွက်မှာ မြင်းခြံမြို့နယ် မှာ ၁၃၅၇ ဦး၊ တောင်သာမြို့နယ်မှာ ၁၃၆၀ ဦး၊ နွားထိုးကြီးမြို့နယ်မှာ ၄၉၆၈ ဦးနဲ့ ငါန်းဇွန်မြို့နယ် မှာ ၉၈၉ ဦး စုစုပေါင်း မြင်းခြံခရိုင်မှာ ဆေးထိုးနှံမည့် ကျောင်းသား/သူ ဦးရေ ၈၆၇၄ ဦး စာရင်း ကောက် ယူရရှိပြီး ဖြစ်ပါတယ်။
မေး ။ ။မြင်းခြံခရိုင်အတွင်း ကာကွယ်ဆေးထိုးနှံပေးသွားမယ့် နေရာတွေလဲ သိပါရစေ။
ဖြေ ။ ။ကျောင်းသား/သူများ သွားလာရေးလွယ်ကူပြီး ဆေးထိုးနိုင်စေရန်အတွက် စုရပ်များ ကို မြို့နယ်အလိုက် သတ်မှတ်ထားပါတယ်။ မြင်းခြံမြို့နယ် စုရပ် ၄ ခု၊ တောင်သာမြို့နယ် စုရပ် ၅ ခု၊ နွားထိုးကြီးမြို့နယ် စုရပ်၅ ခု၊ ငါန်းဇွန်မြို့နယ် စုရပ် ၉ ခုဖြင့် ထိုးနှံပေးသွားမှာ ဖြစ်ပါ တယ်။
မေး ။ ။အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေလည်း သိပါရစေ။
ဖြေ ။ ။ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရခြင်း၏ အကျိုးကျေးဇူးများ၊ ဆေးထိုး ရမည့် အစီအစဉ်များ၊ ဆေးထိုးပြီးနောက် ဖြစ်ပေါ်လာမည့် ကျန်းမာရေး အခြေအနေများကိုလည်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူပြီး အသိပညာပေးလုပ်ငန်း များကို ဆောင်ရွက်ထားရှိပါတယ်။
မေး ။ ။အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား/သူ ကာကွယ်ဆေး ထိုးနှံတာနဲ့ ပတ်သက်ပြီး ဆရာကြီးအနေနဲ့ ဖြည့်စွက်ပြောပေးချင်တာရှိရင် ထပ်မံ ပြောကြားစေ လိုပါတယ်။
ဖြေ ။ ။အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်အောက် ကျောင်းသား/သူများအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြဖို့ တိုက်လွန်းလိုပါတယ်။
မြင်းခြံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအုပ်စိုး
မေး ။ ။မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်အောက် အခြေခံ ပညာ အလယ်တန်းကျောင်းနဲ့ အခြေခံပညာအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား/သူတွေိကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတဲ့ အကြောင်းလေး သိပါရစေ။
ဖြေ ။ ။အသက် ၁၂ နှစ်နဲ့အထက် အသက် ၁၈ နှစ်အောက် အခြေခံပညာ အလယ် တန်းကျောင်းနဲ့ အခြေခံပညာအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား/သူတွေိကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၆ ရက်နေ့ကနေစပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
မေး ။ ။လက်ရှိ ကျောင်းသား/သူတွေကို ထိုးနှံပေးဖို့ စီစဉ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားနဲ့ အဲ့ဒီဆေးအကြောင်းလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို မြင်းခြံမြို့တွင် အရင်ထဲက လူမှုဖူလုံးရေးထားသူ (၅၃၈) ဦး ကို ထိုးနှံပေးခဲ့ပြီး ဘေးထွက်ဆိုးကျိုး တစ်ဦးတစ်ယောက်မျှ မရှိခဲ့ ပါဘူး။
မေး ။ ။ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်လားဗျ။ ဆေးထိုးနှံ ပေးတဲ့ နေရာတွေမှာရော ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားမှုတွေလည်း သိပါရ စေ။
ဖြေ ။ ။ဆေးတိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ယခု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) မှာတော့ ဘေးထွက်ဆိုးကျိုး အင်မတန်နည်းပါတယ်။ အရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို လူဦးရေ ခြောက်သောင်းကျော် ထိုးပေးပြီး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ဦးမှ မရှိဘဲ သာမန်ဘေးထွက်ဆိုးကျိုး (၂) ဦးတွေ့ပါတယ်။ အဲ့ဒါ ကတော့ အနီစက်ကလေးတွေ ထွက်တယ်၊ ယားယံတာတွေ ဖြစ်ပါတယ်။ ဆေးထိုးနှံပေးတဲ့ နေရာ တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံတဲ့ ကျောင်းသား/သူတွေကို ဆေးထိုးနှံသင့် မထိုးနှံသင့်ကို အောက်ဆီဂျင်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပူချိန် တိုင်းတာခြင်း၊ ရောဂါရှိမှုရာဇဝင်များနဲ့ မိသားစုမျိုးရိုးရာဇဝင်တွေကို မေးမြန်းပြီးတော့ ကာကွယ် ဆေး ထိုးသင့်သူများကို စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး အချိန် မိနစ် ၃၀ ခန့် စောင့်ဆိုင်း စေမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးရှိတဲ့ ကလေးများရှိလာပါက ကုသပေး နိုင်ရန်အတွက် ဆေးလုံလောက်စွာထားရှိပေးပါတယ်။ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာအချို့ကတော့ ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြား ယားယံခြင်း၊ အနီစက်ကလေးများထွက်ခြင်းစတဲ့ သာမန် ဘေးထွက်ဆိုးကျိုးများ ရှိတတ်ပါတယ်။
မေး ။ ။ဘယ်လိုရောဂါရှိတဲ့ ကျောင်းသား/သူတွေက ကာကွယ်ဆေး မထိုးနှံသင့်ပါလဲ။
ဖြေ ။ ။ကာကွယ်ဆေးမထိုးနှံသင့်တဲ့ သူများကတော့ အသက် ၁၂ နှစ် မပြည့်ရင် မထိုး ရပါဘူး။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဓာတ်မတည့်သူများ မထိုးရပါဘူး။ ဆီးချို၊ အတတ်၊ ဦးနှောက်အာရုံကြောရောဂါ တစ်ခုခုရှိတဲ့ ကျောင်းသား/သူတွေ (သို့မဟုတ်) သူတို့ မိသားစုမှာ အဲ့ဒီရောဂါရှိနေရင် ကာကွယ်ဆေးကို ယာယီ မထိုးနှံသင့်ပါဘူး။ သွေးမတိတ်ရောဂါရှိသူတွေ၊ ခန္ဓာ ကိုယ် ခုခံအား လျော့နည်းနေသူတွေ (ဥပမာ-ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ AIDS) ယာယီ ထိုးမပေးပါဘူး။ သူတို့တွေကိုတော့ သမားတော်တွေ၊ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကာကွယ်ဆေး ထိုးနှံသင့် မထိုးနှံသင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ကျော်စွာ(မြင်းခြံ)